Culture & Entertainment
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ရှိ ဆံတော်ရှင်မြတ်အား ရွှေတိဂုံ စေတီတော်သို့ပင့်ဆောင်အပူဇော်ခံမည်
ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ရှိ ဆံတော်ရှင်မြတ်အား (၁၉.၄.၂၀၁၈) ရက်နေ့ မှ (၂၄.၄.၂၀၁၈)ရက်နေ့အထိ ရွှေတိဂုံစေတီတော်သို့ပင့်ဆောင်အပူဇော်ခံမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ယင်းသို့ပင့်ဆောင်ရာတွင်ဗိုလ်တထောင်ဘုရားလမ်း၊ ကမ်းနားလမ်း၊ သိမ်ဖြူလမ်း၊ ကန်ရိပ်သာလမ်း၊ နတ်မောက်လမ်းနှင့်ဗဟန်းကြားတောရလမ်းအတိုင်း(ရွှေတိဂုံစေတီတော် အရှေ့ဘက်မုဒ်) ပင့်ဆောင်အပူဇော်ခံမည်ဖြစ်သည်။
ထို့နောက်(၂၄.၄.၂၀၁၈)ရက်(၁၄း၃၄)အချိန်တွင်ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်သို့အထက်ဖော်ပြပါလမ်းကြောင်းအတိုင်း ပြန်လည်ပင့်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၏ ဆံတော်ရှင်မြတ်စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်၊ ရွှေတိဂုံစေတီတော်သို့ ပြည်တော်ဝင်၊ ပြည်တော်ပြန်အပူဇော်ခံမည့် မင်္ဂလာအခမ်းအနား လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုဗိုလ်တထောင်စေတီတော်၊ ဆိပ်ကမ်းဓမ္မ္မာရုံ၌ အစီအစဉ်(၁၀)ရပ်ဖြင့် ကျင်းပခဲ့ရာရန်ကုန်တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဝန်ကြီးများဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင်ရန်ကုန်တိုင်းသံဃာ့နာယက အဖွဲ့ဥက္ကဋ္ဌအဂ္ဂမဟာသဒ္ဓမဓဇနိုင်ငံစွမ်းဆောင်ရည်ဆု၊ ဇေယျာလူမှု ထူးချွန်ဆု၊ ကမ္ဘာ့ငြိမ်းချမ်းရေး စေတမန်ဆုများရှင် ဒေါက်တာဘဒ္ဓန္တဣဒ္ဓိဗလ က အဖွင့်သြဝါဒကထာမြွက်ကြားခဲ့ပြီးရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ကအဖွင့်အမှာစကားပြောကြားခဲ့သည်။ (Xinhua)