Education & Health
ဝက်သက်နှင့် ဂျိုက်သိုး ကာကွယ်ဆေး ကလေး လေးသန်းကျော်အား ထိုးမည်
နေပြည်တော်၊ သြဂုတ် ၂၀ ရက်(ဆင်ဟွာ)
၂၀၁၉ အောက်တိုဘာနှင့် နိုဝင်ဘာတို့၌ အသက် ကိုးလမှ ၁၈ လအတွင်း ကလေးငယ် လေးသန်း တို့အား ဝက်သက်ရောဂါ နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးများ ထိုးပေးရန် စီစဉ်လျက်ရှိသည်ဟု ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ယနေ့ အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
“ဝက်သက်ရောဂါက ကာကွယ်ဆေး မထိုးရသေးတဲ့ ကလေးတွေ များတဲ့ ဒေသတွေမှာ ပိုပြီး အဖြစ် များ တယ်၊ ကူးစက်တာမြန်တယ်၊ ကာကွယ်ဆေး ထိုးထားတဲ့ ရာခိုင်နှုန်းများမှသာ မကူးစက်နိုင်မှာပါ၊ ကာကွယ်ဆေးကို ကလေးဦးရေရဲ့ ၉၅ ရာခိုင်နှုန်းထိုးထားနိုင်ဖို့ လိုပါတယ်” ဟုလည်း ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။
မန္တလေးတိုင်းဒေသကြီး မဆြန္ဒနယ် အမှတ်(၇) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကျော် တုတ်၏ “ဝက်သက်ရောဂါအား ကမ္ဘာ့ကပ်ရောဂါအသွင်ဖြစ်မလာစေရေးအတွက် နိုင်ငံတော် အစိုးရက မည်သို့ ဆောင်ရွက်နေသနည်း” ဟူသည့် အမေးကို ဖြေကြားရာတွင် ပြည်ထောင်စုဝန်ကြီးက ပြောခဲ့ ခြင်းဖြစ်ပြီး ကလေး လေးသန်းအတွက် ကာကွယ်ဆေးများလည်း အလုံအလောက် ရှိထားကြောင်း ၎င်းက ပြောခဲ့သည်။
ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး ဖြေကြားနေစဉ်။
ရခိုင်ပြည်နယ်၇ှိ နေရာအချို့ကဲ့သို့ လုံခြုံရေးအရ သွား၍မရသော ဒေသများနှင့် ကချင်ပြည်နယ် ခေါင်လန်ဖူး၊ နာဂဒေသ လဟယ် တို့ကဲ့သို့ သွားလာရခက်ခဲသော ဝေးလံသီခေါင် ဒေသများအတွက် ဒေသခံ တိုင်းရင်းသား အဖွြ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ် တွင် ကိုးလမှ တစ်နှစ်ခွဲအတွင်းရှိ ကလေးဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့်ကို ကာကွယ်ဆေး ထိုးပေး နိုင်ခဲ့ ကြောင်း၊ ၂၀၂၀ ခုနှစ်မှာ ဝက်သက်ရောဂါ လုံး၀ ကင်းစင်ရေးက မဖြစ်နိုင်သေးကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ကင်းစင်ရေးအတွက်ကိုမူ ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ ကပ်ရောဂါအသွင် မဖြစ်စေရေး အတွက် အစုလိုက် ကာကွယ်ဆေး ထိုးပေးခြင်း၊ ဝက်သက် ရောဂါ သံသယရှိကလေးများအား ချက်ချင်း စမ်းသပ်ကုသခြင်း၊ ကပ်ရောဂါအသွင် ဖြစ်နိုင် သည့် ဧရိယာသို့ ချက်ချင်းသွားရောက် ကုသပေးခြင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူနေသိပ် သည်းသောဒေသများ၊ စက်ရုံ၊ အလုပ်ရုံ၊ ကျောင်း၊ အကျဉ်းထောင်၊ အားကစားကွင်း စသည့် လူ အများစု တည်ရှိရာနေရာများတွင် ဒေသ ဆိုင်ရာ ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှု ထောက်လှမ်းရေး အရာရှိများ ထားရှိပြီး စောင့်ကြပ်ကြည့် ရှုခြင်း လုပ်ငန်းများကို နိုင်ငံတော်က ဆောင်ရွက် နေသကဲ့သို့ ပြည်သူများဘက်က ကာကွယ်ဆေး ထိုးရေးတွင် တစ်ဦးနှင့် တစ်ဦး တိုက်တွန်း နှိုးဆော် ပေးကြဖို့နှင့် လွှတ်တော်ကိုယ်စားလှယ်များ ကလည်း မိမိတို့ မဲဆန္ဒနယ်အတွင်း ဆော်သြပေးကြစေ လိုပါကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြား ခဲ့သည်။ (Xinhua)