Connect with us

Environment, Disasters & Accidents

ပျောက်ဆုံး နေသော တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်အား ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား ဆောင်ရွက်

တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ် ပျောက်ဆုံးနေရာပြ မြေပုံ(ဓာတ်ပုံ-တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး)

ရန်ကုန် ၊ ဇွန် ၇ ရက်(ဆင်ဟွာ)

ပျောက်ဆုံးနေသော တပ်မတော် သယ်ယူပို့ဆောင်ရေး လေယာဉ်အား နောက်ဆုံးအဆက်အသွယ်ရရှိသည့် နေရာတစ်ဝိုက်နှင့် လေယာဉ် ပျံသန်းရာ လမ်းကြောင်း တစ်လျှောက်၌ မြေပြင်တပ်များ ၊ တပ်မတော်(ရေ)မှ စစ်သင်္ဘော ၆ စီးနှင့် တပ်မတော်(လေ)မှ လေယာဉ် ၃ စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား မွန်းလွဲ ၂ နာရီမှ စတင်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

ထိုတပ်မတော် သယ်ယူပို့ဆောင်ရေး လေယာဉ်ပေါ်တွင် မြိတ်လေတပ် စခန်းဌာနချုပ်မှ စစ်သည်/မိသားစု ၁၀၆ ဦးနှင့် လေယာဉ်အမှုထမ်း ၁၄ ဦး အပါအဝင် စုစုပေါင်း ၁၂၀ ဦး နှင့် ကုန်တန်ချိန် ၂.၄ တန်ခန့် သယ်ဆောင်လာခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုအချိန်တွင် လေယာဉ်၏ ပျက်စီး အစိတ်အပိုင်း အချို့အား ထားဝယ် အလွန် ပင်လယ်ပြင်တွင် တွေ့ရှိခဲ့ပြီး ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း ၊ ရာသီဥတုကြောင့် ဖြစ်နိုင်ပြီး အကြောင်းရင်းအား လေယာဉ်ပေါ်တွင် ပါရှိသည့် Black Box အား တွေ့ရှိမှသာ ပြောနိုင်မည် ဖြစ်ကြောင်း တပ်မတော် အသိုင်းအဝိုင်းမှ စုံစမ်း သိရှိရသည်။

ယနေ့ ဇွန်လ ၇ ရက်တွင် ရန်ကုန်-မြိတ်-ဘုတ်ပြင်း-မြိတ်-ရန်ကုန် ခရီးစဉ်အတိုင်း တပ်မတော်သားများ နှင့် မိသားစုများအတွက် သက်သာချောင်ချိရေး ပို့ဆောင်ကြိုဆိုသော တပ်မတော် သယ်ယူပို့ဆောင်ရေးလေယာဉ် (Y-8-200 F အမျိုးအစား လေယာဉ်အမှတ်-၅၈၂၀) တစ်စီးသည် မွန်းလွဲ ၁ နာရီ ၆ မိနစ်ခန့်တွင် မြိတ်မြို့မှ ရန်ကုန်မြို့သို့ စတင်ထွက်ခွာ ပျံသန်းခဲ့သည်။

အဆိုပါလေယာဉ်သည် အမြင့်ပေ ၁၈၀၀၀ မှ ပျံသန်းခဲ့ရာ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်တွင် ထားဝယ်မြို့၏ အနောက်တောင်ဘက် ၁၉၅ ဒီဂရီ၊ အကွာအဝေးအားဖြင့် ၄၃ မိုင်ခန့်အရောက်၌ ထားဝယ်လေဆိပ်နှင့် အဆက်အသွယ်ရရှိပြီးနောက်ပိုင်း ဆက်သွယ်မှုပြတ်တောက်သွားခဲ့သည်။ထို Y-8-200 F လေယာဉ်မှာ ၂၀၁၆ ခုနှစ်၊ မတ်လတွင် နောက်ဆုံးရောက်ရှိခဲ့သည့် လေယာဉ်ဖြစ်ပြီး တပ်မတော်(လေ)တွင် ၈၀၉ နာရီ ပျံသန်းအသုံးပြုခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.