Environment, Disasters & Accidents
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၌ အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် ပြည်သူ ၃ ဦး ဆေးရုံတက်ရောက်ရမှုဖြစ်ပွား
ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၌ အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် ပြည်သူ ၃ ဦး ဆေးရုံတက်ရောက်ရမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ ၂၃း၃၀နာရီ အချိန် လက်ပံတန်းမြို့၊ မအူကုန်းရပ်ကွက်ရှိ ဦးဇော်မင်းလှိုင်(၄၉)နှစ်၏ ရေခဲစက်၌ ရေခဲပြုလုပ်ရာတွင်အသုံးပြုသည့် အမိုးနီးယားဓာတ်ငွေ့များယိုစိမ့်နေကြောင်း သတင်းအရ လက်ပံတန်းမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်လတ်နှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ရဲဝင်းတို့ပါဝင်သော ဦးစီးပူးပေါင်းအဖွဲ့တို့က သွားရောက်စစ်ဆေးခဲ့ရာ အမိုးနီးယားဓာတ်ငွေ့အိုး အဖွင့်အပိတ်ပိုက်ခေါင်းအရစ်များချောင်နေ၍ ယိုစိမ့်ခြင်းဖြစ်ကြောင်းသိရှိရကြောင်း သိရသည်။
ဒီဇင်ဘာ ၂၅ ရက်နေ့ ၀၄း၀၀နာရီ အချိန်တွင် အဆိုပါအမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှုအား ရပ်ကွက်နေပြည်သူ ၂၀ ဦးခန့်နှင့်အတူ ပြုပြင်ဆောင်ရွက်စဉ် ၎င်းရပ်ကွက်နေ ဦးရှိန်မောင်(၆၇)နှစ်ပါ၃ ဦး (ကျား ၂၊ မ ၁)တို့တွင် အသက်ရှူကြပ်ရောဂါ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် လက်ပံတန်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ကာ အနီးရှိရပ်ကွက်နေပြည်သူ ၁၅၀ ဦးခန့်အား ဘေးကင်းရာမြို့နယ်အားကစားရုံသို့ ပြောင်းရွှေ့ထားခဲ့ပြီး ၀၄း၃၀နာရီ အချိန်တွင် ပြုပြင်ပြီးစီး၍ ၀၆း၀၀နာရီ အချိန်တွင် ၎င်းတို့၏ နေအိမ်အသီးသီးသို့ ပြန်လည်နေထိုင်စေခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)