Connect with us

Myanmar

(၃၁) ကြိမ်မြောက် ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲ၏ မြန်မာအသင်းနှင့် တီမောအသင်းတို့ ပွဲစဉ်ကို မေ ၈ ရက်တွင် ကစားမည်

ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာယူ-၂၃အသင်း မေ ၃ ရက်တွင် ဗီယက်နမ်နိုင်ငံ၌ လေ့ကျင့်ရေးဆင်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်)

ရန်ကုန်၊ မေ ၅ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁) ကြိမ်မြောက် ဆီးဂိမ်း (SEA Games) ပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲကို မေ ၆ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာအမျိုးသားဘောလုံး အသင်းအနေဖြင့် အုပ်စုပထမပွဲစဉ် အား မေ ၈ ရက်တွင် တီမောအမျိုးသားဘောလုံးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ဆင်ဟွာသို့ ယနေ့ မေ ၅ ရက်တွင် ပြောသည်။

ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာယူ-၂၃အသင်း မေ ၃ ရက်တွင် ဗီယက်နမ်နိုင်ငံ၌ လေ့ကျင့်ရေးဆင်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်)

ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာယူ-၂၃အသင်း မေ ၃ ရက်တွင် ဗီယက်နမ်နိုင်ငံ၌ လေ့ကျင့်ရေးဆင်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်)

ဦးကိုကိုသိန်းက “ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့အနေနဲ့ ပြင်ဆင်မှုတွေ အများကြီးလုပ်ထားတယ်။ ပြိုင်ပွဲအတွက်လည်း ပြင်ဆင်ချိန်လည်း လုံလောက်တဲ့ အနေအထားမှာရှိတယ်။ မြန်မာအသင်းအနေနဲ့ ဒူဘိုင်းမှာလည်း ခြေစမ်းပွဲ ၄ ပွဲ ကစားခဲ့တယ်။ ဒူဘိုင်းမှာ ကစားပြီးတော့ မြန်မာအသင်း အနေနဲ့ ဗီယက်နမ်နိုင်ငံကို မေ ၁ ရက်နေ့ကတည်းက ရောက်ရှိခဲ့တယ်။ အဘက်ဘက်ကနေကျွန်တော်တို့ ပြင်ဆင်ဆောင်ရွက်ထားပေးခဲ့ပါတယ်။’’ ဟု ပြောသည်။

ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲကို မေ ၆ ရက်မှ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဘရူနိုင်းနိုင်ငံမှလွဲ၍ ကျန်အရှေ့တောင်အာရှ ၁၀ နိုင်ငံစလုံး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကာ ငါးသင်း နှစ်အုပ်စုခွဲ၍ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

အုပ်စုခွဲဝေထားမှုအရ အုပ်စု(က)တွင် လက်ရှိ ချန်ပီယံနှင့် အိမ်ရှင် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ တီမောတို့ ပါဝင်ပြီး အုပ်စု (ခ) တွင် ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယား၊ စင်ကာပူနှင့် လာအိုအသင်းတို့ ပါဝင် ကြောင်းသိရသည်။

အုပ်စုပွဲစဉ်များကို မေ ၆ ရက်မှ ၁၆ ရက် အထိ ပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲပထမနေ့အဖြစ် မေ ၆ ရက်တွင် ဖိလစ်ပိုင်အမျိုးသားဘောလုံးအသင်းနှင့် တီမောအမျိုးသားဘောလုံးအသင်း၊ ဗီယက်နမ်အမျိုးသားဘောလုံးအသင်း နှင့် အင်ဒိုနီးရှား အမျိုးသားဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

ဦးကိုကိုသိန်းက “ဖိလစ်ပိုင်ဆီးဂိမ်းတုန်းက ကျွန်တော်တို့ မြန်မာအသင်းက တတိယဆုရရှိခဲ့တယ်။ ဒါကြောင့် ဒီနှစ်မှာတော့ အစွမ်းကုန်ကြိုးစားသွားမှာပါ။ အဖွဲ့ချုပ်အနေနဲ့ အမျိုးသားအသင်းသာမက အမျိုးသမီးအသင်းကို လည်း အစွမ်းကုန်ပြင်ဆင်ဆောင်ရွက်ပေးထားပါတယ်’’ ဟု ဆက်လက်ပြောကြားသည်။ (Xinhua)