Connect with us

Politics, Law & Military

ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရေး အပိုင်း ၃ ပိုင်းဖြင့်ဆောင်ရွက်မည်

မြန်မာ့မီးရထားလုပ်ငန်းမှ ရထား တစ်စင်း အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ဇူလိုင်၁၃ရက်(ဆင်ဟွာ)

ရန်ကုန်-မန္တလေး ရထားလမ်း အဆင်‌့မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းကို ဂျပန်နိုင်ငံ ODA Loan နှင့် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အပိုင်း (၃) ပိုင်းအဖြစ် ရန်ကုန်-တောင်ငူ၊ တောင်ငူ-ရမည်းသင်း၊ ရမည်းသင်း-မန္တလေး အဖြစ် ခွဲခြားဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးချန်မောင် ကယနေ့ပြောသည်။

ရမည်းသင်း ဘူတာသည် တောင်ငူ-ရမည်းသင်းနှင့် ရမည်းသင်း-မန္တလေး လမ်းပိုင်း၏ အလယ်ပိုင်းတွင် တည်ရှိပြီး ၎င်းမြေနေရာမှာ စီမံကိန်း လုပ်ငန်းသုံး ပစ္စည်းများ ထားရှိရေး၊ စီမံကိန်းရုံးများ တည်ဆောက်ရေး၊ ရထားလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ပြီး စီမံကိန်း ဝန်ထမ်းများ နေထိုင်ရန် အဆောက်အဦများ ဆောက်လုပ်ရန် စီမံလျာထားပါကြောင်း ဆိုသည်။

ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် စီမံကိန်းလေးခုဖြစ်သော ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း၊ ရန်ကုန် မြို့တော် ရေပေးဝေမှု ဖွံ့ဖြိုးရေးစီမံကိန်း၊ သီလဝါဆိပ်ကမ်း အခြေခံ အဆောက် အအုံများ ဖွံ့ဖြိုးရေးစီမံကိန်းနှင့် ပဲခူးအနောက်ခြမ်းဒေသ ဆည်ရေပေးမှု ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း များအတွက် ယန်းငွေ ၆၃ ဒသမ ၂ ဘီလီယံ အကူအညီပေးခဲ့သည်။

မြန်မာ့မီးရထားလုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဦးတင်စိုးက “ ရန်ကုန်-မန္တလေး အဆင့်မြှင့်တင်ရေး စီမံကိန်းကို အကြမ်းဖျဉ်းအားဖြင့် ၂၀၁၆-၂၀၁၇ မှာ စမယ်။ ၂၀၂၂-၂၀၂၃ မှာ ပြီးမယ်လို့ လျာထားတယ်” ဟုပြောသည်။

တနင်္သာရီ တိုင်းဒေသကြီးအတွင်း ထားဝယ်-မြိတ် ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းကို နိုင်ငံတော် ဘဏ္ဍာငွေအခြေအနေအရ ရပ်ဆိုင်းခဲ့သော်လည်း အများပြည်သူသုံးသည့် သယ်ယူပို့ဆောင်ရေး စနစ်အဖြစ် နိုင်ငံအဝှမ်း ပျံ့နှံ့ ပို့ဆောင်နိုင်ရန် ရည်မှန်းပြီး နှစ် (၂၀) စီမံကိန်း၏ တတိယ (၅) နှစ် စီမံကိန်းကာလ ဖြစ်သည့် ၂၀၂၁-၂၂ မှ ၂၀၂၅-၂၆ အတွင်း ထည့်သွင်း လျာထားဆဲဖြစ်ပါကြောင်း ဒုတိယဝန်ကြီး ဦးချန်မောင်က ယနေ့ ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းအား ပြန်လည်ဖြေကြားခဲ့သည်။ (Xinhua)