Politics, Law & Military
ပစ်ခတ် တိုက်ခတ်မှု ရပ်စဲရေး စာချုပ်တွင် လက်မှတ် မထိုးရသေးသည့် အဖွဲ့အစည်းများအား လက်မှတ် ရေးထိုးနိုင်ရန် လမ်းဖွင့်ထားကြောင်း သမ္မတဆို
ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘော တူညီချက်ကို လက်မှတ် ရေးထိုးမှုတွင် မပါဝင် ရသေးသည့် အဖွဲ့အစည်းများအား လက်မှတ် ရေးထိုးနိုင်ရေး အတွက် လမ်းဖွင့်ထားပြီး ဆက်လက်ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောသည်။
လွန်ခဲ့သည့် အောက်တိုဘာလ (၁၅) ရက်နေ့တွင် အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့ ပါဝင်သည့် ခေါင်းဆောင်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၈) ဖွဲ့ ခေါင်းဆောင်များက တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘော တူညီချက်ကို လက်မှတ် ရေးထိုးခဲ့ကြသည်။
သမ္မတ ဦးသိန်းစိန်က “ဒီကိစ္စတွေဟာ လွယ်ကူမှုမရှိသလို ခက်ခဲတဲ့ အနေအထားတွေနဲ့ ပဋိပက္ခ အချို့ ဆက်လက် ရှိနေသေးတာ ကိုလည်း တွေ့မြင် နေရပါတယ်။ သို့သော်လည်းပဲ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ချုပ်ငြိမ်းသွားပြီး အားလုံး ပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ကျင်းပဖို့ ကြိုးပမ်း ဆောင်ရွက် သွားကြရမှာပဲ ဖြစ်ပါတယ်’’ ဟု၎င်း၏ ရေဒီယို မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ပဋိပက္ခ ဒဏ်ခံ ဒေသများမှ ပြည်သူများ ကိုလည်း ငြိမ်းချမ်းရေး၏ လက်ငင်း အကျိုးရလဒ်တွေ မြန်နိုင်သမျှ မြန်မြန် ခံစား ရရှိစေရန် ဆောင်ရွက် သွားကြရမှာလည်း ဖြစ်ကြောင်း ဆိုသည်။
မြန်မာနိုင်ငံသည် အပြန်အလှန် ထိန်းကျောင်းမှုမရှိသည့် နိုင်ငံရေး ဖြစ်စဉ်နှင့် ဒီမိုကရေစီမရှိသည့် အုပ်ချုပ်ရေး စနစ် အောက်မှာ ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်ခဲ့ရကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများနှင့်လည်း ရင်ဆိုင် ကြုံတွေ့ ခဲ့ရကြောင်း၊ ဆင်းရဲ နွမ်းပါးမှု၊ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဖယ်ကြဉ်မှုများကိုလည်း ကြုံတွေ့ခဲ့ရကြောင်း ၎င်းကဆိုသည်။
ဖက်ဒရယ် စနစ်ကို အခြေခံသော ဒီမိုကရေစီ နိုင်ငံ တည်ဆောက်ရေးကို သဘော တူညီခဲ့ကြပြီး ဖြစ်၍ ခိုင်မာအောင် ဆက်လက် ဆောင်ရွက်သွား ကြရမှာလည်း ဖြစ်ကြောင်း သမ္မတဦးသိန်းစိန် ကပြောသည်။ (Xinhua)