Politics, Law & Military
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အာဆီယံ-ကနေဒါ ထိပ်သီး အစည်းအဝေးတက်ရောက်

ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ)
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ Philippines International Convention Centre (PICC) ၌ ယနေ့ဒေသစံတော်ချိန် ၁၀နာရီ ၁၅နာရီတွင် ကျင်းပသည့် နှစ်(၄၀)ပြည့် အထိမ်းအမှတ် အာဆီယံ+ကနေဒါ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးရာဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ ပွဲအပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒေသစံတော်ချိန် ၁၁နာရီ ၃၀မိနစ်ခန့်တွင် ကျင်းပသည့် နှစ်(၄၀)ပြည့် အထိမ်းအမှတ် အာဆီယံ-အီးယူ ထိပ်သီးအစည်းအဝေးကိုလည်း ထပ်မံ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါထိပ်သီးအစည်းအဝေးပွဲများသို့ အာဆီယံ(၁၀)နိုင်ငံမှ နိုင်ငံ့အကြီးအကဲများနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ကနေဒါနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Justin Trudeau နှင့် ကိုယ်စားလှယ်အဖွဲ့၊ အီးယူအဖွဲ့ ဥက္ကဋ္ဌ Mr. Donald Tusk နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်၊ ဂျကာတာမြို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ မြန်မာအမြဲတမ်း ကိုယ်စားလှယ်/ သံအမတ်ကြီး ဦးမင်းလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။(Xinhua)