Politics, Law & Military
မန္တလေးတိုင်းဒေသကြီးတွင် အောင်မြေမန္တလာနိုင်ငံ ဝန်ထမ်းအိမ်ရာ တည်ဆောက်မည်
ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)
မန္တလေးတိုင်းဒေသကြီး မန္တလေး တောင်တော်အရှေ့ဘက်ရှိ ပုသိမ်ကြီးမြို့နယ် မဲကင်းကုန်းကျေးရွာအနီးတွင် အောင်မြေမန္တလာ နိုင်ငံဝန်ထမ်းအိမ်ရာနှင့် အငှားအိမ်ရာစီမံကိန်းကို တည်ဆောက်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ စီမံကိန်းတစ်ခုလုံး၏ ဧရိယာသည် ၃၃ ဒဿမ ၂၂ ဧက ရှိပြီး ယခုပန္နက်တော်တင်သည့်နေရာတွင် ၈ ခန်းတွဲ ၅ ထပ်အငှားအိမ်ရာ တည်ဆောက်မည့် မြေနေရာဖြစ်ကြောင်း သိရသည်။
ယင်းစီမံကိန်းတွင် အငှားအိမ်ရာများအနေဖြင့် ၂၄ ခန်းတွဲ ၅ ထပ် ၃ လုံး၊ ၈ ခန်းတွဲ ၅ ထပ် ၁၅ လုံး နှင့် အရောင်းအိမ်ရာများအနေဖြင့် ၄ ခန်းတွဲ ၅ ထပ် ၁၄ လုံး လျာထား တည်ဆောက်သွားမည်ဖြစ်ပြီး ၎င်းစီမံကိန်းဧရိယာအတွင်း ရဲစခန်း၊ မီးသတ်စခန်း၊ အခြေခံပညာ အလယ်တန်းကျောင်း၊ ဆေးပေးခန်း၊ ပန်းခြံ၊ အားကစားကွင်း၊ ဓမ္မာရုံ၊ ဈေးဆိုင်ခန်းများ၊ ရေပေးဝေရေးရေကန်နှင့် အုပ်ချုပ်မှုဆိုင်ရာအဆောက်အဦများ ထည့်သွင်းတည် ဆောက်သွားမည် ဖြစ်ကြောင်းသိရသည်။
အောင်မြေ မန္တလာနိုင်ငံ့ဝန်ထမ်းအိမ်ရာနှင့် အငှားအိမ်ရာစီမံကိန်း ပန္နက်တော်တင်မင်္ဂလာအခမ်းအနား သို့ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေတက်ရောက်ပြီး မြန်မာ့ဓလေ့ထုံးတမ်းအစဉ် အလာများနှင့်အညီ ပန္နက်တော်တင်ပေးကာ အမွှေးနံ့သာများဖြင့်ပက်ဖြန်းပေးခဲ့သည်။(Xinhua)