Politics, Law & Military
မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ထုတ်ပြန်
ရန်ကုန်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့် ဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။
နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ကို နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသည့် နေ့မတိုင်မီ (၁၀)နှစ်အတွင်း အခြေချနေထိုင်ခွင့်မရှိသော ဗီဇာတစ်မျိုးမျိုး ကိုင်ဆောင် ၍ မြန်မာနိုင်ငံတွင် (၃)နှစ်အောက်မနည်း စဉ်ဆက်မပြတ် ဝင်/ထွက် သွားလာနေထိုင်လျက်ရှိသော ကျွမ်းကျင်ပညာရှင်/ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင် နိုင်ငံခြားသားများ၊ မြန်မာနိုင်ငံသားနှင့် လက်ထပ်ထားသည့် အိမ်ထောင်သက်အနည်းဆုံး (၂)နှစ် ရှိပြီး နိုင်ငံခြားသားအမြဲနေ ထိုင်ခွင့်လျှောက်ထားသည့် နေ့မတိုင်မီ(၁၀)နှစ်အတွင်း အခြေချနေထိုင် ခွင့် မရှိသော ဗီဇာတစ်မျိုးမျိုးကိုင်ဆောင်၍ မြန်မာနိုင်ငံတွင် (၂)နှစ်အောက် မနည်း စဉ်ဆက်မပြတ် ဝင်/ထွက်သွားလာ နေထိုင်လျက် ရှိသော နိုင်ငံခြားသားဇနီး (သို့မဟုတ်) ခင်ပွန်း၊ အဆိုပါ နိုင်ငံခြား သားများနှင့်အတူ တစ်ပါတည်း လိုက်ပါနေထိုင်လိုသော ယင်းတို့၏ တရားဝင် ဇနီး/ ခင်ပွန်းနှင့် ယင်းတို့က မွေးဖွားသော/ တရား ဝင် မွေးစားသော အသက် (၁၈) နှစ်အောက် အိမ်ထောင်မပြုရသေး သည့် နိုင်ငံခြားသား သား/သမီးများ၊ ပြည်ပနိုင်ငံတစ်ခုခု၏ နိုင်ငံသား အဖြစ်ခံယူထားသော မြန်မာနိုင်ငံသားဟောင်းများ လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီမှ ခွင့်ပြုကြောင်း အကြောင်း ကြားစာကို လက်ခံရရှိလျှင် အကြောင်းကြားသည့်နေ့ရက်မှ ရက်ပေါင်း (၆၀) အတွင်း သတ်မှတ် စာရွက် စာတမ်းများနှင့်အတူ ရန်ကုန်မြို့ရှိ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် ဌာနစိတ်တွင် နိုင်ငံခြားသားတစ်ဦးအတွက် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ(၁၀၀၀)၊ မြန်မာနိုင်ငံသားဟောင်း တစ်ဦးအတွက် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ (၅၀၀)၊ အသက်(၇)နှစ် မှ (၁၈)နှစ်အထိ တရားဝင်သား သမီးတစ်ဦးစီအတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (၃၀၀)၊ အသက်(၇)နှစ်အောက် ကလေး(အခမဲ့)ဖြင့် သတ်မှတ် အခကြေးငွေပေး၍ လျှောက်ထားသူ အပါအဝင် တစ်ပါတည်းလျှောက် ထားသူ မိသားစုဝင်များ ကိုယ်တိုင်လာရောက် ဆောင်ရွက်ရမည်ဖြစ်ပြီး အမြဲနေထိုင်ခွင့် လက်မှတ်ထုတ်ယူခြင်းကို သတ်မှတ်ရက် (၆၀)အတွင်း ဆောင်ရွက်ခြင်းမရှိပါက ထိုနေ့မှစ၍ ရက်ပေါင်း(၁၂၀) အတွင်း အကောင်အထည်ဖော်ရေး ဗဟိုကော်မတီသို့ ခိုင်လုံသော အကြောင်းပြချက်ဖြင့် တင်ပြလျှောက် ထားရမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ရရှိသူသည် ကနဦး(၅)နှစ် နေထိုင်ခွင့် ရရှိမည်ဖြစ်ပြီး (၅)နှစ် အတွင်း(၁)နှစ်လျှင် (၁)ကြိမ် သက်တမ်းပြန်လည် အတည်ပြုရမည်ဖြစ်ကြောင်း၊ ထိုသို့သက်တမ်း ပြန်လည်အတည်ပြုရာတွင် သက်တမ်းမပြည့်မီ ရက်ပေါင်း (၆၀)အတွင်း လျှောက်လွှာနှင့်အတူ ကာယကံရှင်ကိုယ်တိုင် ရန်ကုန်မြို့ရှိ နိုင်ငံခြားသားအမြဲ နေထိုင်ခွင့် ဌာနစိတ်တွင် လာရောက်လျှောက်ထား ရမည်ဖြစ်ပြီး (၅)နှစ်ပြည့်ပါက ထပ်မံ၍ (၁)ကြိမ်လျှင် (၅)နှစ်သက် တမ်းတိုးလျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)