Connect with us

Africa & Middle East

အီရတ်နိုင်ငံ မိုဆူးလ်မြို့တွင် လှေနစ်မြုပ်မှုကြောင့် အနည်းဆုံး လူ ၉၃ ဦးသေဆုံး

အီရတ်နိုင်ငံ မြောက်ပိုင်း မိုဆူးလ်မြို့ Tigris မြစ်အတွင်း လှေနစ်မြုပ်မှုဖြစ်ပွားရာနေရာ၌ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒတ်၊ မတ် ၂၂ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ မြောက်ပိုင်း မိုဆူးလ်မြို့ Tigris မြစ်အတွင်း မတ်လ ၂၂ ရက်က လှေနစ်မြုပ်မှုကြောင့် လူ ၉၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

ယင်း ဖြစ်ရပ်မှာ မတ်လ ၂၁ ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘဂ္ဂဒတ်မြို့မှ ၄၀၀ ကီလိုမီတာအကွာ မိုဆူးလ်မြို့မြောက်ဘက် Um al Rabeein ခရီးသွားဧည့်သည်များ လာရောက်ရာကျွန်းငယ်သို့ သွားရန် မြစ်ကမ်းနံဘေးမှ ဖြတ်သွားစဉ် ရေမျက်နှာပြင်မြင့်တက်မှုကြောင့် လူများစွာတင်ဆောင်လာသော လှေတစ်စင်း နစ်မြုပ်သွားခြင်း ဖြစ်သည်။

မြို့ပြကာကွယ်ရေးသတင်းရင်းမြစ်အရ အဆိုပါ လှေအား ခရီးသွားလုပ်ငန်းတစ်ခုက ပိုင်ဆိုင်ခြင်းဖြစ်ပြီး လူ ၃၀ သာတင်ဆောင်ရန် တည်ဆောက်ထားသည်ကို လူပေါင်း ၁၀၀ ကျော်တင်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ ၉၃ ဦးတွင် အများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များ ဖြစ်ကြောင်း၊ လှေမှာ မြစ်အတွင်းသို့ နစ်မြုပ်သွားခဲ့ပြီး သေဆုံးသူများ၏ ရုပ်အလောင်းများအား ဆယ်ယူရရှိခဲ့ကြောင်း အခြားလူ ၅၅ ဦးအား ကယ်ဆယ်ရရှိခဲ့ပြီး ကလေးငယ် ၁၉ ဦးပါဝင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဆတ်မန်း (Saad Maan) က သတင်းထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

လှေနစ်မြုပ်စဉ်က လူမည်မျှတင်ဆောင်လာခြင်းကို အတိအကျမသိရသေးပေ။

ကယ်ဆယ်ရေးလုပ်ငန်းများကို လာမည့်ရက်များတွင်လည်း ဆက်လက်လုပ်ဆောင်သွားဖွယ်ရှိသည်။

ယင်းဖြစ်ရပ်ကြောင်း အီရတ်နိုင်ငံအတွင်းရှိနေရာအားလုံးနှင့် နိုင်ငံအပြင်ဘက်ရှိ အီရတ်သံရုံးများနှင့် သံကိုယ်စားလှယ်များ ရုံးစိုက်ရာနေရာများတွင် သုံးရက်ကြာဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် လုပ်ဆောင်သွားရန် ကြေညာလိုက်ကြောင်း အီရတ်နိုင်ငံ ဝန်ကြီးချုပ် အဒဲလ် အဗ္ဗဒူလ် မာဒီ (Adel Abdul Mahdi) က ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)