Europe
ကနေဒါနိုင်ငံ အဝေးပြေးလမ်းမပေါ်တွင် အငယ်တန်း ဟော့ကီကစားသမားများ လိုက်ပါလာသည့် ဘတ်စ်ကားနှင့် ထရပ်ကား တိုက်မိ၊ လူ ၁၄ ဦး သေဆုံး

အော့တဝါ၊ ဧပြီ ၇ ရက် (ဆင်ဟွာ)
ကနေဒါနိုင်ငံ အနောက်တောင်ပိုင်း Saskatchewan ပြည်နယ်ရှိ အဝေးပြေးလမ်းမပေါ်တွင် အငယ်တန်း ဟော့ကီကစားသမား အဖွဲ့တစ်ဖွဲ့အား တင်ဆောင်လာသည့် ဘတ်စ်ကား တစ်စီးနှင့် ထရပ်ကား တစ်စီးတို့ ယနေ့ (ဧပြီလ ၇ ရက်) တိုက်မိခဲ့ရာ လူ ၁၄ ဦး သေဆုံးပြီး အခြားသူ တစ်ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း မီဒီယာက သတင်းဖော်ပြထားသည်။
ယာဉ်မောင်း အပါအဝင် လူ ၂၈ ဦး လိုက်ပါလာခဲ့သော အဆိုပါ ဘတ်စ်ကားသည် အမှတ် ၃၅ အဝေးပြေးလမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ဒဏ်ရာရသူများအား ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် ယင်းအနက် သုံးဦးမှာ စိုးရိမ်ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
Saskatchewan Junior Hockey League တွင် ပါဝင်ကစားနေသည့် Humboldt Broncos အသင်းသည် ဧပြီလ ၇ ရက်ညပိုင်းတွင် အနိုင်အရှုံးဆုံးဖြတ်ပေးမည့် အပိုဆောင်းကစားပွဲသို့ သွားရာလမ်း၌ ယခုကဲ့သို့ ယာဉ်တိုက်မှု ဖြစ်ပွားရခြင်း ဖြစ်သည်။ (Xinhua)