Europe
ဥရောပ တစ်တိုက်လုံးကို ရိုက်ခတ်နေသော ဥရောပပါလီမန်ဆိုင်ရာ ရွေးကောက်ပွဲဂယက်များ
ဘာလင် ၊ ဇွန် ၅ ရက်(ဆင်ဟွာ)
ယခုမေလတွင် ကျင်းပခဲ့သော ဥရောပပါလီမန်ဆိုင်ရာရွေးကောက်ပွဲများ( EP elections) သည် အစိမ်းရောင်ဖွံ့ဖြိုးမှုများ၊ ဥရောပသမဂ္ဂနှင့် အနီးကပ်ဆက်ဆံမှုကို ဆန့်ကျင်သည့် မူဝါဒများ နှင့် ဗဟိုလက်ယာယိမ်းဝါဒ နှင့် လူမှုဒီမိုကရက်တစ်ဝါဒီများ အားလျော့လာခြင်းတို့နှင့်အတူ အစဉ်အလာအာဏာချိန်ခွင်လျှာ ကမောက်ကမ ဖြစ်မှုများဖြင့် ကြုံတွေ့ခဲ့ရသည်။
ထိုသို့ရွေးကောက်ပွဲ တုန်လှုပ်ဖွယ်ရာများကြုံတွေ့ခဲ့ရပြီးနောက် ယခုအခါ နိုင်ငံများစွာတွင် သက်ရောက်မှုများကို ခံစားနေကြရသည်။မကြာသေးမီက ဂျာမနီနိုင်ငံ၏ လူမှုဒီမိုကရက်တစ်ပါတီ(SPD) ခေါင်းဆောင် နှင့် ပြင်သစ်နိုင်ငံ၏ ရီဘတ်ပလီကန်(LR) တို့သည် ရာထူးမှ နုတ်ထွက်ရန် ဖိအားပေးခြင်း ခံခဲ့ကြရသည်။ ဂရိနိုင်ငံကမူ ရှောင်လွှဲမရနိုင်သော ကြိုတင်ကျင်းပရန်ရှိသည့် ပါလီမန်ရွေးကောက်ပွဲအတွက် အခက်အခဲအခြေအနေတစ်ခုကို ရင်ဆိုင်နေရသည်။
ဂျာမနီ: မတည်မငြိမ် ကာလများဖြင့် ရှေ့ဆက်ခြင်း
ဂျာမနီနိုင်ငံ၏ SPD ခေါင်းဆောင် Andrea Nahles သည် ဇွန် ၃ ရက်တွင် ပါတီခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ကြောင်း နှင့် ဇွန် ၄ ရက်တွင် SPD ပါလီမန်အုပ်စုဝင်အဖြစ်မှ နုတ်ထွက်ကြောင်း တရားဝင်ကြေညာခဲ့သည်။
၎င်း၏ လက်ယာယိမ်းပါတီသည် ထောက်ခံမှု ၁၅.၅ ရာခိုင်နှုန်းရရှိခဲ့ရာ ၂ဝ၁၄ ခုနှစ်တွင် ၎င်းတို့ရရှိခဲ့သော ထောက်ခံမှု ၂၇.၃ ရာခိုင်နှုန်းထက် များစွာ လျော့နည်းသွားခဲ့ကြောင်း နှင့် ဥရောပ စစ်တမ်းများအရ ပါတီသမိုင်းတစ်လျှောက်တွင် မဲရလဒ်အနည်းဆုံး ကာလဖြစ်ကြောင်း သိရသည်။
SPD ပါတီသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဂျာမနီနိုင်ငံအနောက်မြောက်ပိုင်းတွင် အခိုင်အမာဒေသတစ်ခုဖြစ်သော Bremen ကိုလည်း လက်လွှတ်ဆုံးရှုံးခဲ့ရသည်။
SPD ပါတီ လူကြိုက်မှု လျော့နည်းလာရခြင်းမှာ ပါတီအနေဖြင့် အာဏာရ ဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်၏ ခရစ်ယာန်ဒီမိုကရက်တစ်ယူနီယံ/ခရစ်ယာန်လူမှုအသင်း(CDU/CSU) နှင့် ၂ဝဝ၅ ခုနှစ်မှစတင်ကာ သုံးကြိမ်တိုင် ညွန့်ပေါင်းအစိုးရဖွဲ့ရန် ပါတီငယ်တစ်ခုအဖြစ် လက်တွဲ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။
လက်ယာဝါဒီပါတီသည် ဂျာမနီနိုင်ငံ၏ အငြင်းပွားဖွယ် ဒုက္ခသည်ဆိုင်ရာမူဝါဒ အပါအဝင် လူကြိုက်မှုနည်းပါးသော ဆုံးဖြတ်ချက်များအတွက် တာဝန်ရှိနေသော်လည်း ပြည်သူများအား ၎င်းတို့အပေါ် ကိုယ်ပိုင်ယုံကြည်ကိုးစားမှုရရှိရေး လုပ်ဆောင်ရန် ပျက်ကွက်ခဲ့သည်ဟု ဘွန်းတက္ကသိုလ်(Bonn) မှ နိုင်ငံရေးသိပ္ပံပါမောက္ခ Gu Xuewu က ဆိုသည်။
“ CDU/CSU နဲ့နိုင်ငံရေးမဟာမိတ်ဖွဲ့လိုက်ခြင်းက SPD ပါတီရဲ့ ဖြစ်တည်မှုကို မှေးမှိန်သွားစေပါတယ်။ ပြီးတော့ SPD ပါတီအနေနဲ့ ဂျာမနီနိုင်ငံရဲ့ နိုင်ငံရေးလမ်းပြမြေပုံကို မူဝါဒဆိုင်ရာပြောင်းလဲမှုတစ်ရပ် လုပ်ဆောင်လိမ့်မယ် မဟုတ်ဘူးလို့ မဲဆန္ဒရှင်အတော်များများက တွေးထင်ကြမှာပေါ့” ဟု Gu က ဆိုသည်။
SPD ပါတီသည် ယခုအခါ လှုပ်ခတ်မှုတစ်ခုဖြင့် ကြုံတွေ့နေရသည်။ ပါတီအနေဖြင့် ညွန့်ပေါင်းအစိုးရဖွဲ့ရေးတွင် တစ်ထောင့်တစ်နေရာ ဆက်စပ်ပါဝင်နေမှုကို ရပ်တံ့ပြီး ဝန်ကြီးချုပ်မာကဲလ်အား ၎င်းအစိုးရအဖွဲ့အတွက် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အဖြေရှာရန် နှင့် ပြည်ထောင်စုရွေးကောက်ပွဲများကို ဆောလျင်စွာကျင်းပရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း အကဲခတ်များက သုံးသပ်ကြသည်။
ပြင်သစ်: ရီဘတ်ပလီကန်များ ကျဆုံးခြင်း
ပြင်သစ်နိုင်ငံ၏ လက်ယာယိမ်းအတိုက်အခံ ရီဘတ်ပလီကန်(LR) ပါတီခေါင်းဆောင် Laurent Wauquiez သည် ဥရောပပါလီမန်ရွေးကောက်ပွဲတွင် “အရှက်ရဖွယ်” ရှုံးနိုမ့်ခဲ့ပြီးနောက် ပါတီခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ရန် ဆုံးဖြတ်ကြောင်း ဇွန် ၃ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။
LR ပါတီသည် ထောက်ခံမဲ ၈.၄၈ ရခိုင်နှုန်း ရရှိခဲ့ပြီး Marine Le Pen ၏ အမျိုးသားရေးပါတီ ( Populist National Rally) ၊ လက်ရှိသမ္မတ အီမန်နျူရယ်မက်ခရွန်၏ ပြည်သူ့ရှေ့ဆောင်ပါတီ( The Republic on the Move Party) နှင့် အစိမ်းရောင်ပါတီ တို့နောက် စတုတ္ထနေရာ၌သာ ရပ်တည်ခဲ့ရသည်။
Wauquiez က ရှေးရိုးစွဲ ကွန်ဆာဗေးတစ်ပါတီအနေဖြင့် ပါတီပြန်လည်တည်ဆောက်မှုလုပ်ရန် လိုအပ်ကြောင်း နှင့် ပါတီအတွက် ပိတ်ပင်တားဆီးမှုဖြစ်နေမည်ကို ၎င်းအနေဖြင့် မလိုလားကြောင်း ပြောကြားခဲ့သည်။
LR သည် တစ်ချိန်က ပြင်သစ်နိုင်ငံ၏ အဓိက ပါတီကြီး နှစ်ခုထဲတွင် တစ်ခုအပါအဝင်ဖြစ်သော်လည်း နိုင်ငံရေးအရ တွန်းတွန်းတိုက်တိုက် မလုပ်ဆောင်ခြင်း နှင့် အကျင့်ပျက်ခြစားမှု နာမည်ဆိုးဖြင့် ယခင်သမ္မတဟောင်း နစ်ကိုလပ်စ်ဆာကိုဇီ( Nicolas Sarkozy) သည် သမ္မတရာထူး ဒုတိယသက်တမ်းအတွက် ၂ဝ၁၂ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ရှုံးနိုမ့်ခဲ့ခြင်း များကြောင့် ပါတီအနေဖြင့် အားအင်ချိနဲ့ခဲ့ရသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူများအဆိုအရ Camille Langlade (LR) သည် “ အတွေးအခေါ်သစ်များ ၊ တုံ့ပြန်စဉ်းစားမှုများကို အထူးသဖြင့် ခေါင်းဆောင်တစ်ဦး အနေဖြင့်” လိုအပ်ကြောင်း ဆိုကြသည်။
ဂရိ: စောစောစီးစီးရွေးကောက်ပွဲကျင်းပရခြင်း
ဂရိနိုင်ငံသည် ဥရောပပါလီမန်ဆိုင်ရာရွေးကောက်ပွဲတွင် အာဏာရ လက်ဝဲယိမ်း SYRIZA ပါတီအနေဖြင့် သမိုင်းတစ်လျှောက် အနိုမ့်ဆုံး ထောက်ခံမဲ ၉.၃၅ ရာခိုင်နှုန်းဖြင့် ကွန်ဆာဗေးတစ်ပါတီအား ရှုံးနိုမ့်ခဲ့ပြီးနောက်တွင် နိုင်ငံ၏ရွေးကောက်ပွဲကို ဆောလျင်စွာ ကျင်းပရန် ဖြစ်လာခဲ့သည်။
ဂရိဝန်ကြီးချုပ် Alexis Tsipras က အောက်တိုဘာတွင် ရွေးကောက်ပွဲပြုလုပ်မည်ဟု ပြောဆိုထားသော်လည်း ဇူလိုင်လ အစောပိုင်းမှာပင် ရွေးကောက်ပွဲကို စော၍ကျင်းပသွားရန် ၎င်းအနေဖြင့် ဖိအားပေးခံနေရသည်။
၎င်း၏ အခွန်တိုးမြှင့်ကောက်ခံမှုများ နှင့် နှေးကွေးသောပြုပြင်ပြောင်းလဲမှုများကြောင့် ပြည်သူများ၏ စောဒကတက်မှုများဖြင့် ကြုံတွေ့နေရသည်။ လာမည့်ရက်သတ္တပတ်တွင် SYRIZA ပါတီ၏ လူထုထောက်ခံမှု မှတ်တမ်းကို မြှင့်တင်ရန် Tsipras သည် အခက်အခဲဖြင့် ကြုံတွေ့ဖွယ်ရှိနေသည်။
ဇွန် ၃ ရက်တွင် ထုတ်ပြန်ခဲ့သည့် သဘောထား စစ်တမ်းတစ်ခုအရ SYRIZA ပါတီသည် အဓိကအတိုက်အခံပါတီ ဒီမိုကရေစီပါတီသစ်(ND) ပါတီအောက် ရပ်တည်နေကြောင်း တွေ့ရသည်။
အထွေထွေရွေးကောက်ပွဲကို ပြီးခဲ့သော ဇွန် ၃ ရက်တွင် ကျင်းပခဲ့ပါက လစ်ဘရယ်-ကွန်ဆာဗေးတစ် ND ပါတီသည် ၃၁.၅-၃၆.၅ ရာခိုင်နှုန်းဖြင့် ထောက်ခံမဲ ၂၂.၅-၂၇.၅ ရရှိသော SYRIZA ပါတီကို ကျော်ဖြတ်၍ အနိုင်ရရှိလိ့မ်မည်ဖြစ်ကြောင်း ပြည်တွင်း SKAI ရုပ်သံလိုင်းက ပြုလုပ်သော စစ်တမ်းကောက်ယူမှုတွင် ဖော်ပြထားသည်။
နောက်ထပ်ပြည်သူများ စိုးရိမ်သောကဖြစ်နေသော အကြောင်းအရာမှာ အစိုးရသစ်အနေဖြင့် ရွှေ့ပြောင်းအခြေစိုက်သူများအရေးအကျပ်အတည်း နှင့် အကြွေးနွံအကျပ်အတည်းကို ဖြေရှင်းရန် နိုင်ငံတကာ ထောက်ခံမှု အပြည့်အဝ ရနိုင်ဖွယ် ရှိမရှိ ဆိုသည့် အချက်ပင်ဖြစ်သည်။
“ အကယ်၍ ကွဲပြားခြားနားတဲ့ အုပ်ချုပ်မှုတွေဖြစ်လာမယ်ဆိုရင်လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း များစွာသော ပေးဆပ်မှုတွေဟာ အချည်းအနှီးဖြစ်သွားလိမ့်မယ်။ ဂရိနိုင်ငံဟာ အရင်က ကြုံတွေ့ခဲ့ရတဲ့ အကျပ်အတည်းတွေထက် ပိုပြီးဆိုးဝါးတဲ့ အခြေအနေနဲ့ကြုံတွေ့ရလိမ့်မယ် ” ဟု ပြည်တွင်းသတင်းစာတစ်စောင်ဖြစ်သော Kathimerini က ဆောင်းပါးတစ်ပုဒ်ရေး၍ သတိပေးခဲ့သည်။
ထို့ကြောင့်လည်း လက်ရှိကာလတွင် ဥရောပနိုင်ငံအချို့၌ ဥရောပပါလီမန် ဆိုင်ရာရွေးကောက်ပွဲများ(EP elections)၏ ရလဒ်မတည်ငြိမ်မှု ဂယက်များကြောင့် ၎င်းတို့၏ ပြည်တွင်းနိုင်ငံရေးအခြေအနေပါ ကမောက်ကမ ဖြစ်မှုများဖြင့် ရင်ဆိုင်နေရသည်ဟု ဆိုရပေမည်။(Xinhua)