Latin America
ကျောက်စက်လုံး ပွဲတော် ကော့စတာ ရီကာတွင် ကျင်းပမည်

ဆန် ဂျို့စ်၊ မေ ၉ ရက် (ဆင်ဟွာ)
အမေရိကတိုက် အလယ်ပိုင်းရှိ ကော့စတာ ရီကာနိုင်ငံတွင် ၁၁ ကြိမ်မြောက် ကျောက်တုံး စက်လုံးများ ပွဲတော်အား မေလ ၁၃ ရက်မှ ၁၅ ရက်နေ့အထိ ကျင်းပမည် ဖြစ်ကြောင်း အမျိုးသား ပြတိုက်က မေလ ၈ ရက်က ပြောသည်။
အဆိုပါ ပွဲတော်အား နိုင်ငံ အနောက်တောင်ပိုင်း အိုဆာ ကျွန်းဆွယ်၌ ကျင်းပမည် ဖြစ်ပြီး ရှေးဟောင်း ကျောက်စက်လုံး ၃၀၀ ကျော်အား အထိမ်းအမှတ် အဖြစ် ကျင်းပမည်ဖြစ်ကာ ၎င်းပွဲတော်သည် ၂၀၁၄ ခုနှစ်က ယူနက်စကို (The United Nations Educational, Scienctific and Cultural Organization) စာရင်း ဝင်ခဲ့သည်။
လူမှုယဉ်ကျေးမှု အမွေအနှစ် တစ်ခုဖြစ်သော သမိုင်းဝင် ရှေးဟောင်း ကျောက်စက်လုံးများ ပွဲတော်အား အထိမ်းအမှတ် အဖြစ် တန်ဖိုးထား ကျင်းပခြင်း ဖြစ်ကြောင်း အမျိုးသား ပြတိုက် ရှေးဟောင်း သုတေသန ပညာရှင် ကာလို့စ် မိုရေးစ်က သတင်း ထုတ်ပြန်ချက်၌ ပြောသည်။
ထိုပြပွဲတွင် ယဉ်ကျေးမှု၊ အချက်အပြုတ်နှင့် အားကစား ပြိုင်ပွဲ မျိုးစုံ ကျင်းပမည် ဖြစ်သလို ပြခန်းများနှင့် ဒေသ ဆိုင်ရာ လက်မှုပစ္စည်းများလည်း ရောင်းချမည် ဖြစ်သည်။
အရွယ်အစား ၁၀ စင်တီမီတာ၊ အချင်းဝက် ၂.၅ မီတာနှင့် အလေးချိန် ၁၅ တန်ဝန်းကျင်ရှိ လုံးဝန်းသော မီးသင့်ကျောက် သဏ္ဍာန် ထုဆစ် ခံထားရသည့် ကျောက်စက်လုံးများမှာ ကော့စတာ ရီကာနိုင်ငံ Palmar Sur ရှေးဟောင်း သုတေသန ဆိုင်ရာ နေရာတွင် တည်ရှိသည်။
အဆိုပါ ထူးဆန်းသည့် ကျောက်စက်လုံးများမှာ အေဒီ ၆၀၀ ခန့်က ဖြစ်နိုင်ပြီး ၁၉၃၀ ခုနှစ်က အမေရိကန် ကုမ္ပဏီ တစ်ခုဖြစ်သော United Fruit Company က ငှက်ပျောသီး စိုက်ခင်းအတွက် တောရှင်းရာမှ ရှာဖွေ တွေ့ရှိခဲ့ကတည်းက ရှေးဟောင်း သုတေသန ပညာရှင်များအတွက် ပဟေဠိ ဖြစ်ခဲ့သည့် အရာလည်း ဖြစ်သည်။
www.world-mysteries.com အဆိုအရ ယင်း ကျောက်စက်လုံးများမှာ အဖြေမတွေ့နိုင်သေးသော ရှေးဟောင်း သုတေသနဆိုင်ရာ ကြီးမားသည့် လျှို့ဝှက်ချက် တစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။ (Xinhua)