Connect with us

Latin America

အီကွေဒေါတွင် H1N1 ဖြင့် လူပေါင်း ၃၉ ဦး သေဆုံး

အီကွေဒေါနိုင်ငံ ကွီတိုမြို့တွင် H1N1 ရောဂါ ကူးစက် မခံရအောင် ပြည်သူများ မျက်နှာဖုံးများ ဝတ်ဆင်၍ သွားလာနေစဉ် (ဆင်ဟွာ)

ကွီတို၊ မေ ၁၂ ရက် (ဆင်ဟွာ)

အီကွေဒေါ နိုင်ငံတွင် ၂ဝ၁၆ ခုနှစ် ဧပြီလမှ စတင်ကာ H1N1 တုပ်ကွေး ရောဂါဖြင့် လူပေါင်း ၃၉ ဦး အထိ သေဆုံးသွားပြီး ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာန ဝန်ကြီး Margarita Guevara က မေလ ၁၁ ရက်တွင် ထုတ်ဖော် ပြောကြားသည်။

Guevara က ၎င်းကာလအတွင်း H1N1 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၃၉ ဦးထိ ရှိသွားပြီ ဖြစ်ကြောင်း သတင်းမီဒီယာများသို့ပြောကြားသည်။ ထို့ပြင် နိုင်ငံအတွင်း ရောဂါပိုး ပျံ့နှံ့သွားရခြင်းမှာ ဆိုးဝါးသည့် ဆောင်းရာသီ လေကြမ်းများကြောင့် ဖြစ်ကြောင်းနှင့် ဒေသတွင်း ကိုလံဘီယာနိုင်ငံတွင်လည်း ရောဂါပိုး ကူးစက်ခံနေသည့် သတင်းများလည်း ထွက်ပေါ်နေကြောင်း ဝန်ကြီးက ဆက်လက် ပြောကြားသည်။
ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ လက်ရှိတွင် တောင်အမေရိကတိုက် အီကွေဒေါနိုင်ငံ၌ တုပ်ကွေးရောဂါ မျိုးရိုးဗီဇ သုံးမျိုး ကူးစက်မှု ဖြစ်ပွားနေသည်။ ၎င်းတို့မှာ A (H3N2 ) ၊ တုပ်ကွေးရောဂါပိုး B နှင့် A (H1N1 ) စသည့် မျိုးရိုးဗီဇများ ဖြစ်သည်။ နောက်ဆုံး တစ်ခုဖြစ်သည့် A (H1N1) သည် လူသေဆုံးမှုကို တိုးပွားသည့် မျိုးရိုးဗီဇ ဖြစ်ကြောင်း သိရသည်။
H1N1 ဝက်တုပ်ကွေးဟု လူသိများသည့် အသက်ရှု လမ်းကြောင်းကို ထိခိုက်စေသော ဗိုင်းရပ်စ်ပိုးကို တားဆီးပေးမည့် ကာကွယ်ဆေးကို နိုင်ငံတွင်းရှိ လူပေါင်း ၃ သန်းကျော်ကို ထိုးထားပေးသည်ဟု Guevara ကဆိုသည်။ ၎င်းရောဂါ ကူးစက်ခံရပါက အဖျားတက်ခြင်း ၊ ခေါင်းကိုက်ခြင်း ၊ အရိုးနှင့် ကြွက်သားများ နာကျင်ခြင်း ၊ အအေးမိခြင်း ၊ လည်ချောင်းနာခြင်း နှင့် ချောင်းဆိုးခြင်း စသည့် ဝေဒနာများ ခံစားရသည်။
၂ဝဝ၉ ခုနှစ် မေလ ၁၅ ရက်တွင် အီကွေဒေါနိုင်ငံ၌ H1N1 တုပ်ကွေးရောဂါ ပထမဆုံး ကူးစက် ခံရပြီး တောင်အမေရိက တိုက်တွင် တတိယမြောက် ရောဂါ ကူးစက်ခံရသော နိုင်ငံအဖြစ် မှတ်တမ်းဝင် ခဲ့ကြောင်း သတင်းများက ဆိုသည်။ ၎င်းကာလမှ စတင်ကာ အီကွေဒေါ နိုင်ငံတွင် ရောဂါ ကူးစက်ခံရသူပေါင်း ၂,၂၅၁ ဦး ရှိခဲ့ပြီး လူပေါင်း ၁၂၉ ဦးထိ သေဆုံးခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.