Latin America
ဘရာဇီးနိုင်ငံ၌ လုပ်ကြံခံခဲ့ရသော ဂရိသံအမတ်ကြီး၏ ဈာပနအခမ်းအနားကျင်းပ
ရီယိုဒီဂျနေရို ၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရို မြို့၌ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလက လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသော ဘရာဇီးနိုင်ငံဆိုင်ရာ ဂရိသံအမတ်ကြီး Kyriakos Amiridis ၏ ဈာပနအခမ်းအနားကို ယနေ့( ဇန်နဝါရီလ ၁၁ ရက်) တွင် ဘရာဇီးအစိုးရက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဈာပနအခမ်းအနားကို ရီယိုဒီဂျနေရိုမြို့ရှိ Galeao လေတပ်စခန်း၌ ကျင်းပခဲ့ပြီး ကွယ်လွန်သူသံအမတ်ကြီး နှင့် ၎င်း၏ မိခင်တိုင်းပြည်အား ဂုဏ်ပြုတပ်ဖွဲ့ဖြင့် အရိုအသေပေး အလေးပြုခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ဘရာဇီးနိုင်ငံ သမ္မတကိုယ်စား ဘရာဇီးဒုတိယနိုင်ငံခြားရေးဝန်ကြီး Jose Antonio Marcondes de Carvalho က တက်ရောက်အလေးပြုခဲ့သည်။ အသက် ၅၉ နှစ်အရွယ်ရှိ ဂရိသံအမတ်ကြီးသည် အားလပ်ရက် အလှည့်အပတ်ခရီးထွက်နေစဉ် ဘရာဇီးနိုင်ငံ မြောက်ပိုင်း Novo Iguacu မြို့ရှိ တံတားတစ်ခုအောက်၌ ကားအတွင်းသေဆုံးနေသည်ကို ဒီဇင်ဘာလ ၂၉ ရက် က တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အခင်းဖြစ်ပွားပြီး ၂ ရက်အကြာတွင် သံအမတ်ကြီး၏ ဇနီးဖြစ်သူ Francoise Amiridis ကို သံအမတ်ကြီးအား လုပ်ကြံသတ်ဖြတ်မှုအား စီစဉ်ဆောင်ရွက်မှုဖြင့် ရဲတပ် ဖွဲ့ကဖမ်းဆီးလိုက်ပြီး ရက်ပေါင်း ၃ဝ ကြာချုပ်ရက်ဖြင့် ထိန်းသိမ်းလိုက်သည်။
အဆိုပါလုပ်ကြံသတ်ဖြတ်မှုတွင် ကြံရာပါတစ်ဦးအဖြစ် သံသယရှိသူ Francoise နှင့်တိတ်တိတ်ပုန်း ဇာတ်လမ်းရှိသည့် ရဲအရာရှိတစ်ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားသည်။ ယင်းကာလအတွင်း ရဲအရာရှိ၏ ဝမ်းကွဲညီအစ်ကိုတစ်ဦးကိုလည်း လုပ်ကြံမှုတွင် ပါဝင်ပတ်သက်မှုဖြင့် ဖမ်းဆီးလိုက်ကြောင်း သိရသည်။(Xinhua)