Connect with us

MYANMAR

COVID-19 စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက် (CERP) အတွက် ADB ဘဏ်မှ ကန်ဒေါ်လာ သန်း၂၅၀ ချေးယူရေး လွှတ်တော်၌ တင်ပြ

ပြည်ထောင်စု လွှတ်တော် နာယက လွှတ်တော် အစည်းအဝေးခန်းမသို့ ရောက်ရှိလာစဉ်။

 

နေပြည်တော်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

COVID-19 ရောဂါကြောင့် မြန်မာနိုင်ငံ၏ လူမှု စီးပွား ထိခိုက်မှုများကို တုံ့ပြန်နိုင်ရန် COVID-19 စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက် (CERP: _ COVID-19 Economic Relief Plan) ပါ ဆောင်ရွက်မည့် အစီအစဉ်များတွင် အသုံးပြုရန် အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB)မှ အမေရိကန်ဒေါ်လာ သန်း ၂၅၀ ချေးယူခွင့်ကို လွှတ်တော်က အတည်ပြုနိုင်ရေးအတွက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီး ဌာန၊ ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေး တွင် ရှင်းလင်း တင်ပြခဲ့သည်။

“အခု ချေးငွေက ဘတ်ဂျက် အထောက်အပံ့ ပုံစံ ချေးငွေ ဖြစ်ပါတယ်၊ တခြား စီမံကိန်း ချေးငွေတွေလို စီမံကိန်း တစ်ခုတည်းအတွက်ကိုသာ အကောင်အထည်ဖော်ခြင်းမျိုး မဟုတ်ဘဲ အစိုးရရဲ့ ဘတ်ဂျက်ထဲ ကို တိုက်ရိုက် ထည့်သွင်းပေးပြီး အစိုးရက ဦးစားပေး သုံးစွဲရန် လိုအပ်လာတဲ့ အသုံးစရိတ်တွေကို လွတ်လပ်စွာ သုံးစွဲနိုင်စေဖို့ ပေးအပ်တဲ့ ချေးငွေမျိုး ဖြစ်ပါတယ်” ဟုလည်း ၎င်းက ရှင်းပြခဲ့သည်။

အဆိုပါ ချေးငွေသည် COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် လူမှု စီးပွားရေး ဆိုင်ရာ ထိခိုက်မှုများကို ကုစားနိုင်ရန် အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ COVID-19 ၏ သက်ရောက်မှုများကို တုံ့ပြန်ခြင်းနှင့် အသုံးစရိတ်ဆိုင်ရာ အထောက်အပံ့ အစီအစဉ် (CARESP: _ COVID-19 Active Response and Expenditure Support Program) ချေးငွေ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ CERP လုပ်ငန်းများအတွက် ထိုချေးငွေ ရယူသင့်သည်ဟု ပြည်ထောင်စု အစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့ကြောင်း၊ ADB ၏ ချေးငွေ ဆိုင်ရာ စည်းကမ်းများမှာ ဆိုင်းငံ့ကာလ ရှစ်နှစ်၊ ပြန်ဆပ်ကာလ ၁၆ နှစ် ၊ စုစုပေါင်း ၂၄ နှစ် ဖြစ် ကြောင်း၊ အတိုးနှုန်းမှာ တစ်နှစ်လျှင် ဆိုင်းငံ့ကာလအတွင်း ၁ ရာခိုင်နှုန်း၊ ပြန်ဆပ်ကာလ အတွင်း ၁ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သောကြောင့် ချေးငွေ စည်းကမ်းများအရ Grant Element မှာ ၄၃ ရာခိုင်နှုန်း ဖြစ်၍ သက်သာသော ချေးငွေ (Concessional Loan) ဖြစ်ကြောင်း၊ အဆိုပါ ချေးငွေဖြင့်  COVID-19 ကြောင့် ထိခိုက်နစ်နာသူ ဝင်ငွေနည်း အိမ်ထောင်စုများကို လူမှုရေး ဆိုင်ရာ ကူညီ ပံ့ပိုးခြင်း၊ COVID-19 ကာကွယ်ထိန်းချုပ် ကုသခြင်း တို့အတွက် ကျန်းမာရေး စနစ်များ ပိုမို အားကောင်းစေ ခြင်း နှင့် အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများနှင့် လုပ်သား များ ကို အားပေး မြှင့်တင်ခြင်း စသည့် နယ်ပယ်များတွင် သုံးစွဲသွားမည် ဖြစ်ကြောင်း၊ ချေးငွေ စီမံကိန်းအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ နှင့် ADB တို့ ပါဝင်သော Steering Committee နှင့် Technical Working Groups များ ဖွဲ့စည်းပြီး ကြီးကြပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒုတိယ ဝန်ကြီးက ရှင်းလင်း တင်ပြခဲ့ သည်။

နိုင်ငံတော်၏ ပြည်ပလက်ကျန် ကြွေးမြီ အခြေအနေမှာ ၂၀၂၀ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ အမေရိကန် ဒေါ်လာ ၁၀ ဒသမ ၂၃၄ ဘီလီယံ ရှိပြီး ပြည်ပကြွေးမြီနှင့် ဂျီဒီပီ အချိုးမှာ ၁၂ ဒသမ ၉၁ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ယခု ချေးငွေသည် တည်ဆဲ ဥပဒေများ၊ နိုင်ငံတော်၏ ကာလလတ် ကြွေးမြီ စီမံခန့်ခွဲမှု မဟာဗျူဟာ၊ ဖွံ့ဖြိုးမှု အကူအညီ ဆိုင်ရာ မူဝါဒ၊ မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း (MSDP) နှင့် ၂၀၂၀ ဧပြီ ၂၇ ရက်နေ့က ထုတ်ပြန် ထားသော CERP ပါ လုပ်ငန်းစဉ်များနှင့် ကိုက်ညီသောကြောင့် အဆိုပါ ချေးငွေ ရယူရေးအတွက် ပြည်ထောင်စု လွှတ်တော်က ဆွေးနွေး အတည်ပြုပေးပါရန် ဒုတိယ ဝန်ကြီးက လွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ်သည်။ အဆိုပါ ချေးငွေအား အတည်ပြုးရေး အတွက် ပြည်ထောင်စု လွှတ်တော်၌ ဇူလိုင် ၂၇ ရက်နေ့အစည်းအဝေးတွင် ဆွေးနွေးကြမည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.