Connect with us

MYANMAR

ပြည်ပနိုင်ငံများသို့ အရေးတကြီး သွားရောက်ရန် လိုအပ်နေသည့် မြန်မာနိုင်ငံသားများအတွက် ကယ်ဆယ်ရေးလေယာဉ်များတွင် လိုက်ပါနိုင်ရေး ဆောင်ရွက်ပေးမည့် အစီအစဉ် ကြေညာ 

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ယခုနှစ်ဆန်းပိုင်းက ခရီးသည်များအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ) 

အကြောင်းအမျိုးမျိုးဖြင့် ပြည်ပနိုင်ငံများသို့ အရေးတကြီး သွားရောက်ရန် လိုအပ်နေသည့် မြန်မာနိုင်ငံသားများအတွက် ကယ်ဆယ်ရေးလေယာဉ်များ တွင် လိုက်ပါနိုင်ရေး ဆောင်ရွက်ပေးသွားမည့်အစီအစဉ်ကို နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။ နိုင်ငံတကာခရီးသည်လေယာဉ်များ ယာယီရပ်ဆိုင်းထားစဉ် ကာလအတွင်း ပြည်ပတွင် ဆေးကုသမှုနှင့် ခွဲစိတ်ကုသမှု ဆောင်ရွက်ရန် အရေးပေါ် သွားရောက်လိုသူများ အတွက်လည်းကောင်း၊ ပြည်ပတွင် အလုပ်လုပ်ကိုင်ရန် လုပ်ငန်းခွင်သို့ အချိန်မီ ဝင်ရောက်ရန် လိုအပ်နေသည့် အလုပ်သမားများ၊ သင်္ဘောသားများအတွက် လည်းကောင်း၊ နိုင်ငံတော်အစိုးရ အစီအစဉ်ဖြင့်ဖြစ်စေ၊ မိမိအစီအစဉ်ဖြင့် ဖြစ်စေ ပြည်ပတွင် ပညာသင်ကြားရန် သွားရောက်ကြရမည့် ပညာသင် များ၊ ကျောင်းသူ၊ ကျောင်းသားများအတွက် လည်းကောင်း၊ အခြား အကြောင်းအမျိုးမျိုးဖြင့် ပြည်ပသို့ အရေးပေါ်သွားရောက်ရန် လိုအပ်နေ သူများအတွက်လည်းကောင်း အဆင်ပြေချောမွေ့စွာ ထွက်ခွာနိုင်ကြ စေရန် ရှေးရှုလျက်၊ ပြည်ပသို့ထွက်ခွာမည့် ကယ်ဆယ်ရေး လေယာဉ် (Relief Flight) များ၊ အထူးလေယာဉ် (Special Flight) များတွင် လိုက်ပါခွင့် ရရှိစေရေးအတွက် ညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

ထိုသို့ ကယ်ဆယ်ရေး/အထူးလေယာဉ်များဖြင့် ပြည်ပနိုင်ငံသို့ အရေးတကြီး သွားရောက်လိုသူ မြန်မာနိုင်ငံသားများအတွက် ဖော်ပြထားသည့် လုပ်ငန်းစဉ်များအတိုင်း စီစဉ်ဆောင်ရွက် ပေးသွားမည် ဟု အသိပေးကြေညာခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ပြည်ပနိုင်ငံအများစု၌ COVID-19 ကာကွယ်၊ ထိန်းချုပ် ရေးဆိုင်ရာ ပြည်ဝင်ကန့်သတ်ချက်များ ချမှတ်ဆောင်ရွက်ထားဆဲဖြစ်ရာ ပြည်ပနိုင်ငံအသီးသီးသို့ အကြောင်း အမျိုးမျိုးဖြင့် သွားရောက်လိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် သက်ဆိုင်ရာ နိုင်ငံများမှ ချမှတ်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ လိုအပ်ချက် များနှင့် စည်းကမ်းသတ်မှတ်ချက်များအား ကြိုတင် လေ့လာထားကြရန်နှင့် တိကျစွာ လိုက်နာ ဆောင်ရွက်ကြရန် လိုအပ်မည် ဖြစ်ပါကြောင်းလည်း ထည့်သွင်း အသိပေး ကြေညာခဲ့သည်။ 

COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုကာလအတွင်း နိုင်ငံတကာ ခရီးသည်တင်လေယာဉ်များ ယာယီရပ်ဆိုင်းထားမှုကြောင့်လည်းကောင်း၊ သက်ဆိုင်ရာနိုင်ငံများ၏ COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ် ရေးဆိုင်ရာ အစီအမံများကြောင့်လည်းကောင်း ပြည်ပတွင် အခက်အခဲ များ ကြုံတွေ့နေကြရသည့် မြန်မာနိုင်ငံသားများအား နိုင်ငံတော်အစိုးရ အနေဖြင့် ကယ်ဆယ်ရေးလေယာဉ် များဖြင့် ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိကြောင်း ၊သို့ရာတွင် နိုင်ငံတကာ ခရီးသည်လေယာဉ်များ ယာယီရပ်ဆိုင်းထားသည့်ကာလအတွင်း ပြည်ပ သို့ အကြောင်း အမျိုးမျိုးဖြင့် အရေးပေါ်ထွက်ခွာလိုသည့် မြန်မာ နိုင်ငံသားများသည်လည်း အခက်အခဲများ ကြုံတွေ့နေကြရသည်ကို သိရှိကြောင်း ကြေညာချက်တွင် ထည့်သွင်း ဖော်ပြထားသည်။ (Xinhua)