Videos
၂၁ ရာစုခေတ်သစ်စစ်ပွဲကို ဆင်နွှဲနိုင်မည့် တပ်မတော်ဖြစ်ရန် ကြိုးစားတည်ဆောက်ရမည်ဟုပြောကြား
ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ)
၂၁ ရာစု စစ်မြေပြင်တွင် နည်းပညာသာလွန်သည့် တပ်မတော်ကသာ စစ်ပွဲတွင် အောင်မြင်နိုင်မည် ဖြစ်သည့်အတွက် ၂၁ရာစုခေတ်သစ်စစ်ပွဲကို ဆင်နွှဲနိုင်မည့် တပ်မတော်ဖြစ်ရန် ကြိုးစားတည်ဆောက်ရမည်ဖြစ်ကြောင်း (၇၂)နှစ်မြောက်တပ်မတော်နေ့အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “နိုင်ငံတော်ကာကွယ်ရေး နဲ့ ဘက်စုံဖွံ့ဖြိုးရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့ စွမ်းရည်ထက်မြက်ပြီး ခေတ်မီတဲ့ တပ်မတော်ဖြစ်အောင် တည်ဆောက်သွားကြရမယ်’’ ဟု မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
ယနေ့ခေတ်သည် သိပ္ပံ နှင့် နည်းပညာသာမက သတင်းဆက်သွယ်ရေးနည်းပညာ (ICT) များ လျင်မြန်သည့် အရှိန်အဟုန် နှင့် တိုးတက်လာသည့်အတွက် စစ်မှုရေးရာများလည်း ပြောင်းလဲလာခဲ့ကြောင်း၊ ၂၁ ရာစု ခေတ်သစ်စစ်ပွဲများသည် အကန့်အသတ်အတားအဆီးမဲ့ပုံစံ နှင့် အရပ်မျက်နှာအမျိုးမျိုး မှ ပုံသဏ္ဍာန်မျိုးစုံ နှင့် ပုံဖော်တိုက်ခိုက်လာမည်ဖြစ်ကြောင်း၊ ၂၁ ရာစု ခေတ်သစ်စစ်ပွဲအောင်နိုင်ရန်အတွက် သတင်းဆက်သွယ်ရေး နည်းပညာများ၊ စက်မှုနည်းပညာများ အဆင့်မီသင်ကြားတတ်မြောက်ထားရမည်ဖြစ်ကြောင်း၊ နည်းပညာများ နှင့်လိုက်လျောညီထွေ ပြောင်းလဲနေသည့် စစ်မဟာဗျူဟာ၊ စစ်နည်းဗျူဟာများအား လေ့လာနေရမည်ဖြစ်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကဆိုသည်။
ထို့ပြင် တပ်မတော်အနေဖြင့် နိုင်ငံတော် နှင့် ပြည်သူတို့ အကျိုးစီးပွားကို ရှေးရှုလျက် အမျိုးသားရေးတာဝန်ဖြစ်သည့် တို့တာဝန်အရေးသုံးပါးကို ထိပါးလာပါက တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကဆိုသည်။ (Xinhua)