Connect with us

Videos

တရုတ်နိုင်ငံ ဟူပေပြည်နယ်က မြန်မာနိုင်ငံ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဆေးဘက်ဆိုင်ရာထောက်ပံ့ရေးပစ္စည်းများလှူဒါန်း (ရုပ်သံ)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး၊ ရုပ်သံတည်းဖြတ်/စုဝင့်၊ ရိုက်ကူး/ဝေယံ

တရုတ်နိုင်ငံ ဟူပေပြည်နယ်အစိုးရက မြန်မာနိုင်ငံအစိုးရထံသို့ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရန်အတွက် လိုအပ်သော ပစ္စည်းများအား ဒီဇင်ဘာ ၁၁ ရက် ၌ ရန်ကုန်မြို့ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာန ခန်းမဆောင်တွင် လွှဲပြောင်းပေးအပ်ခဲ့သည်။

တရုတ်နိုင်ငံ ဟူပေပြည်နယ်မှ မြန်မာနိုင်ငံအစိုးရသို့ ယခုအကြိမ် လှူဒါန်းပေးခဲ့သည့် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများတွင် PPE ဝတ်စုံ အစုံရေ ၃ သောင်း ၊ Isolation Gown အစုံရေ ၃ သောင်း ၊ ဆေးဘက်ဆိုင်ရာသုံး နှာခေါင်းစည်း ၁၉၂,၀၀၀ စသည့် ထောက်ပံ့ရေးပစ္စည်းများပါဝင်ကြောင်း သိရှိရသည်။ တရုတ်နိုင်ငံ မှ ထောက်ပံ့ပေးသည့် ပစ္စည်းများအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးချန်းဟိုင်က ဟူပေပြည်နယ်အစိုးရ ကိုယ်စား မြန်မာနိုင်ငံအစိုးရထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း က လှူဒါန်းပေးခဲ့သည့်ပစ္စည်းများအား လက်ခံပေးခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး သံအမတ်ကြီးချန်းဟိုင် က လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ယခုအကြိမ်လှူဒါန်းမှုက တရုတ်-မြန်မာ နှစ်နိုင်ငံ ၏ အေးအတူပူအမျှ အပြန်အလှန် ကူညီထောက်ပံ့ပေးကြသည့် နက်ရှိုင်းသော သံယောဇဉ် ကို ပေါ်လွင်စေခဲ့ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူတကွ ဆက်လက်၍ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားလိုပြီး မြန်မာနိုင်ငံ ကပ်ရောဂါတိုက်ဖျက်နိုင်ရန်နှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ထိရောက်သော ဆောင်ရွက်မှုများကို ပြုလုပ်ပေးသွားလိုကြောင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန် က အွန်လိုင်းမှ တစ်ဆင့် ဗီဒီယိုကွန်ဖရန့်ပုံစံဖြင့် မိန့်ခွန်းပြောကြားခဲ့ရာတွင် အခက်အခဲနှင့်ကြုံတွေ့ချိန်တွင် မေတ္တာစစ်မေတ္တာမှန်ကို သိရှိနိုင်ကြောင်း ၊ ကာလတစ်လျှောက် မြန်မာနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့သည့် တရုတ်နိုင်ငံအား ကျေးဇူးတင်လိုကြောင်း ၊ တရုတ်နိုင်ငံ ဟူပေပြည်နယ်အစိုးရမှ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် လှူဒါန်းပေးသည့်ပစ္စည်းများအတွက်လည်း ကျေးဇူးတင်လိုပြီး ယခုလှူဒါန်းပေးခဲ့သည့် ထောက်ပံ့ရေးပစ္စည်းများက ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေသော ဆေးဘက်ဆိုင်ရာဝန်ထမ်းများအတွက် လွန်စွာ အရေးပါကြောင်း ပြောကြား ခဲ့သည်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၁၀၅,၀၀၀ ဦးကျော်ရှိခဲ့ပြီး ရောဂါကူးစက်မှု အဆိုးရွားဆုံးဖြစ်ပွားသည့် ရန်ကုန်တိုင်းဒေသကြီးတွင် ရောဂါကူးစက်ခံရသူစုစုပေါင်း ၇၃,၀၀၀ ကျော်အထိ ရှိကြောင်း သိရှိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.