Videos
ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲတွင် မြန်မာက ရွှေတံဆိပ်ဆုတစ်ဆုရရှိ
ရန်ကုန် ၊ နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပသော ဒုတိယ အကြိမ်မြောက် ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲ (2nd Taolu World Cup) ပြိုင်ပွဲ ဒုတိယနေ့ ညနေပိုင်း၌ Taijijian (ထိုက်ကျိကျန့်) နှင့် Duel (နှစ်ဦး သို့မဟုတ် သုံးဦးစွမ်းရည်ပြသည့် သွေ့လျန်) အားကစားနည်းများ ယှဉ်ပြိုင်ကစားခဲ့ ကြပြီး ထိုက်ကျိကျန့် အားကစားနည်းအမျိုးသားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ယှဉ်ပြိုင်ခဲ့သည့် ငြိမ်းချမ်းကိုကို က ရွှေတံဆိပ်ဆုရရှိခဲ့သည်။
ရွှေတံဆိပ်ဆုရှင် ကိုငြိမ်းချမ်းကိုကို က “အခုလို ရွှေတံဆိပ်ဆု ရရှိခဲ့တဲ့အတွက်လည်း အားရကျေနပ်မှုရှိပါတယ်။ ကျွန်တော့်အနေနဲ့ ဒီပြိုင်ပွဲ မှာ ရွှေတံဆိပ်ဆု တစ်ခု နှင့် ကြေးတံဆိပ်ဆု တစ်ခု ရရှိခဲ့ပါတယ်။ဒီနေ့ ပြိုင်ပွဲ အမျိုးသားထိုက်ကျိကျန့် (Taijijian)ပွဲစဉ်မှာ ရွှေရခဲ့ပါတယ်။ မနေ့ကပြိုင်တဲ့ အမျိုးသား ထိုက်ကျိချွမ် (Taijiquan) ပွဲစဉ်မှာ ကြေးတံဆိပ်ဆုရရှိခဲ့ပါတယ်’’ ဟု ဆင်ဟွာကိုပြောသည်။
အမျိုးသားTaijijian (ထိုက်ကျိကျန့်)ပွဲစဉ်တွင် ရွှေတံဆိပ်ဆုကို မြန်မာနိုင်ငံ၊ ငွေတံဆိပ်ဆု နှင့် ကြေးတံဆိပ်ဆုကို တရုတ်ဟောင်ကောင် မှ ရရှိခဲ့သည်။
အမျိုးသမီး Taijijian (ထိုက်ကျိကျန့်) ပွဲစဉ်တွင် ရွှေတံဆိပ်ဆုကို တရုတ်ဟောင်ကောင်၊ငွေတံဆိပ်ဆုကို ဗီယက်နမ်နိုင်ငံ၊ ကြေးတံဆိပ်ဆုကို မလေးရှားနိုင်ငံတို့ မှ အသီးသီး ရရှိခဲ့သည်။
အမျိုးသား Duel (နှစ်ဦး သို့မဟုတ် သုံးဦးစွမ်းရည်ပြသည့် သွေလျန်) အားကစားနည်း တွင် အဖွဲ့ နှစ်ဖွဲ့ ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်ဆုကို ယူကရိန်းနိုင်ငံ၊ ငွေတံဆိပ်ဆု ကို အိန္ဒိယနိုင်ငံမှ ရရှိခဲ့သည်။
အမျိုးသမီး Duel (နှစ်ဦး သို့မဟုတ် သုံးဦးစွမ်းရည်ပြသည့် သွေလျန်) အားကစားနည်းတွင် ရွှေတံဆိပ်ဆု ကို မလေးရှားနိုင်ငံ၊ ငွေတံဆိပ်ဆုကို တရုတ်မကာအို နှင့် ကြေးတံဆိပ်ဆုကို အမေရိကန်နိုင်ငံတို့က ရရှိခဲ့သည်။
ကမ္ဘာ့ဝူရှူး (ထောက်လု) ပြိုင်ပွဲ ပထမနေ့တွင် ချွန်ချွမ်(Changquan) ၊ နန်ချွမ် (Nanquan) ၊ ထိုက်ကျိချွမ် (Taijiquan) ၊ သောင်းစု (Daoshu) ၊ ကျန့်စု (Jianshu) ၊ နန်သောင်း(Nandao) အားကစားနည်း အမျိုးအစားများအား အမျိုးသား ၊ အမျိုးသမီး ပွဲစဉ်များ အဖြစ် နိုင်ငံ အသီးသီးမှ အားကစားသမားများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။(Xinhua)