Connect with us

Videos

တရုတ်နိုင်ငံက အရှေ့တောင်အာရှအပူပိုင်း ဒေသတွင် အဓိက ဖြစ်ပွားသည့် ရောဂါများကာကွယ်ရေး နှင့် ကုသရေးဆိုင်ရာ နည်းပညာများလာရောက်ပို့ချ

ရန်ကုန် ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သိပ္ပံ နှင့် နည်းပညာ ဝန်ကြီးဌာန ၏ ဦးစီးဆောင်ရွက်မှု ဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ အတွက်နည်းပညာ ကူညီဆောင်ရွက်မှု တစ်ခု ဖြစ်သော “အရှေ့တောင်အာရှ အပူပိုင်း ဒေသများတွင် အဓိက ဖြစ်ပွား သည့် ရောဂါများ ကာကွယ်ရေး နှင့် ကုသရေး သင်တန်း” အား နိုဝင်ဘာ ၂ ရက် တွင် ရန်ကုန် မြို့ ရှိ ဗဟို အမျိုးသမီးဆေးရုံ ၌ စတင် ဖွင့်လှစ်ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံမှူး မစ္စတာ ရန်ဆုံကျိန်း (Mr.Yang Shouzheng) က နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်သည့် “တရုတ်-မြန်မာ အပူပိုင်း ဒေသ အဓိက ဖြစ်ပွား သည့် ရောဂါများ ဆိုင်ရာ ပူးပေါင်း သုတေသန စင်တာ” ကိုလည်း ဖွင့်လှစ်ပေးမည် ဖြစ်ပြီး ၎င်းမှာ နှစ်နိုင်ငံ နိုင်ငံတော် အဆင့် ပူးပေါင်းဆောင်ရွက်မှု တစ်ခု ဖြစ်ပြီး နှစ်နိုင်ငံ အကြား သိပ္ပံ နှင့် နည်းပညာ ဖလှယ်မှု အတွက် ပလတ်ဖောင်းသစ် တစ်ခု ဖြစ်ကြောင်း ၊ ယနေ့ ဖွင့်လှစ်သည့် သင်တန်း မှ တစ်ဆင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆေးဘက်ဆိုင်ရာ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု အား ပိုမို ခိုင်မြဲစေမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

ရန်ကုန် ဆေးတက္ကသိုလ်(၁) ၊ ဗဟိုအမျိုးသမီး ဆေးရုံ၊ မီးယပ် နှင့် သားဖွား ပညာဌာန ဌာနမှူး ပါမောက္ခ ဒေါ်စန်းစန်းမြင့် က ယခု ပို့ချပေးမည့် သင်တန်း က မြန်မာ နိုင်ငံ တွင် ဖြစ်ပွားလေ့ရှိသည့် ရောဂါများ အား ကာကွယ်ရန် အတွက် များစွာ အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်သူများ အနေဖြင့် ယခု သင်တန်း မှ ရရှိသည့် အသိပညာ နှင့် ဗဟုသုတ မျာအား လက်တွေ့ လုပ်ငန်းဆောင်ရွက်သည့် နေရာ တွင် ထိရောက်စွာ အသုံးချသွားရန် တိုက်တွန်းကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ဟိုင်နန် ဆေး တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဟွမ်ယွင်ဟွာ (Huang Yuanhua) က သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုက တရုတ်-မြန်မာ ဆက်ဆံရေး ၏ အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း ၊ ယခု ပို့ချမည့် သင်တန်းတွင် ကျွမ်းကျင် ပညာရှင်များ က နောက်ဆုံးပေါ် သုတေသန ရလဒ်များ၊ အပူပိုင်းဒေသ၏ အဓိကရောဂါများ နှင့် ကိုယ်ဝန်မဆောင်နိုင်ခြင်း အတွက် ကုသခြင်းဆိုင်ရာ နည်းပညာများအား ပို့ချပေးသွားမည် ဖြစ်ကြောင်း ၊ ယခု ပို့ချမည့် သင်တန်း မှ တစ်ဆင့် ဆေးဘက်ဆိုင်ရာ နည်းပညာ တိုးမြှင့်ရေး ၊ အထူးသဖြင့် သွေးကစဉ့်ကလျားရောဂါ နှင့် ဆေးဝါးထုတ်လုပ်မှု အပါအဝင် အပူပိုင်းဒေသဆိုင်ရာ အဓိကရောဂါများ ကုသမှု အတွေ့အကြုံများကို လေ့လာနိုင်မည် ဖြစ်ကြောင်း ၊ သင်တန်း ပို့ချမှု နေစဉ် အတွင်း တရုတ်-မြန်မာ ဆေးဘက်ဆိုင်ရာ ၊ သင်ကြားရေးဆိုင်ရာ နဲ့ သုတေသနဆိုင်ရာ ခိုင်မာသော ဆက်ဆံရေး နှင့် ဖလှယ်မှုများကို ရရှိနိုင်ရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် တွင် ရန်ကုန် ဗဟို အမျိုးသမီးဆေးရုံ အကြီးတန်း ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါ်ခင်ပြုံးကြည် က တရုတ် နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ မှ မြန်မာ နိုင်ငံ သို့ သင်တန်းလာရောက် ပို့ချမှု နှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြား ခဲ့ပြီး အခမ်းအနားကိုတက်ရောက် ခဲ့ကြသည့် ဧည့်သည်တော်များ က “တရုတ်-မြန်မာ အပူပိုင်း ဒေသများတွင်အဓိက ဖြစ်ပွား သည့် ရောဂါများ ဆိုင်ရာ ပူးပေါင်းသုတေသန စင်တာ” ဆိုင်းဘုတ် အား ဖွင့်လှစ်ပေးခဲ့ကြသည်။

ရန်ကုန် ဗဟိုအမျိုးသမီး ဆေးရုံ တွင် ကျင်းပ ပြုလုပ်သည့် “အရှေ့တောင်အာရှ အပူပိုင်း ဒေသ အဓိက ဖြစ်ပွား သည့် ရောဂါများ ကာကွယ်ရေး နှင့် ကုသရေး သင်တန်း” အား တရုတ် နိုင်ငံ သိပ္ပံ နှင့် နည်းပညာ ဝန်ကြီး ဌာန က အဓိက ဦးစီး ခဲ့ခြင်း ဖြစ်ပြီး တရုတ် နိုင်ငံ ဟိုင်နန် ဆေး တက္ကသိုလ် ၊ ဟောင်ကောင် တရုတ် ဘာသာစကား တက္ကသိုလ် နှင့် ရန်ကုန် ဆေးတက္ကသိုလ်(၁) ဗဟိုအမျိုးသမီး ဆေးရုံ တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ သင်တန်း အား နိုဝင်ဘာ ၂ ရက် မှ ၁၆ ရက် နေ့ အထိ ပြုလုပ်သွားမည် ဖြစ်ပြီး မြန်မာ နိုင်ငံ ဒေသ အသီးသီး မှ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူ ၂၀ ဦး အား ကျန်းမာစွာကလေးမွေးဖွားခြင်း နှင့် အပူပိုင်း ဒေသ များတွင်အဓိက ဖြစ်ပွား သည့် ရောဂါများ ဆိုင်ရာ ကုသမှု နည်းပညာများကို ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.