Videos
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအဝေး ဒုတိယနေ့အခမ်းအနား (ရုပ်သံ)
နေပြည်တော်၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအဝေး ဒုတိယနေ့ (ဩဂုတ် ၂၀ ရက်) တွင် ၂၀ ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ-UPDJC အစည်းအဝေးကို ကျင်းပခဲ့ပြီး ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃) ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။
UPDJC ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ဒီနိုင်ငံကို စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်မှ ပြည်တွင်း ငြိမ်းချမ်းရေး ရမယ်။ အမျိုးသား တန်းတူရေး ရှိမှ အမျိုးသား ညီညွတ်ရေး ရမယ်။ ဒါတွေအားလုံး ကျွန်မတို့ အားလုံး သိရှိနားလည်ထားကြပြီး ဖြစ်ပါတယ်။ ဒါဟာ ကျွန်မတို့ အားလုံးရဲ့ ပန်းတိုင် ဖြစ်သလို တိုင်းရင်းသား ပြည်သူအားလုံးရဲ့ အိပ်မက်လည်း ဖြစ်ပါတယ်။”ဟု အစည်းအဝေး အဖွင့်အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအဝေးသို့ တင်သွင်းသည့် အဆိုပြုချက်များအား ဩဂုတ် ၂၀ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀ ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ-UPDJC အစည်းအဝေးတွင် အတည်ပြုခဲ့ကြောင်း အစည်းအဝေးအပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။ (Xinhua)