Connect with us

Africa & Middle East

လက်ဘနွန်အား စစ်လေယာဉ် အစင်း ၁၀၀ ဖြင့် တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ် ပြောကြား

လက်ဘနွန်နိုင်ငံ Al-Qusayr ဒေသတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မီးခိုးလုံးများ တက်လာပုံကို ၂၀၂၄ ခုနှစ် ဩဂုတ် ၂၅ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်/ဘေရွတ်၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့ကို ပစ်ခတ်မည့် ဟစ်ဇ်ဘိုလာအဖွဲ့၏ ထောင်နှင့်ချီသည့် ဒုံးလက်နက်နှင့် ဒုံးပစ်လောင်ချာများကို အစ္စရေးစစ်လေယာဉ် ၁၀၀ ခန့်က တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးတပ် (IDF) က ဩဂုတ် ၂၅ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
နံနက်အရုဏ်မတက်မီတွင် စတင်ခဲ့သည့် တိုက်ခိုက်မှုများသည် လက်ဘနွန်နိုင်ငံ တောင်ပိုင်းရှိ ဒုံးကျည်ပစ်လွှတ်သည့် နေရာပေါင်း ၄၀ ကျော်အား ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ဒုံးပစ်လောင်ချာ အများစုသည် အစ္စရေးနိုင်ငံ မြောက်ပိုင်းကို ချိန်ရွယ်ထားပြီး အချို့ကမူ အစ္စရေးအလယ်ပိုင်းကို ချိန်ရွယ်ထားခြင်းဖြစ်ကြောင်း IDF က ပြောကြားခဲ့သည်။
“ကျွန်တော်တို့ကို ထိခိုက်အောင်လုပ်တဲ့သူကို ကျွန်တော်တို့က ထိခိုက်အောင်ပြန်လုပ်တယ်” ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဗီဒီယိုကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း လက်ဘနွန်နိုင်ငံ တောင်ပိုင်းရှိ ခီယမ်မြို့တွင် လူတစ်ဦးသေဆုံးခဲ့ကြောင်း အစ္စရေးနိုင်ငံပိုင် Kan TV က ဖော်ပြခဲ့သည်။
အစ္စရေးနိုင်ငံ မြောက်ပိုင်းတွင် အမျိုးသမီးတစ်ဦး ဒုံးကျည်အစအန ထိမှန်ခဲ့သဖြင့် အနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေး၏ Magen David Adom ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။ ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့နေသော ဗီဒီယိုမှတ်တမ်းတစ်ခုတွင်လည်း အက်ကရီ ဒေသရှိ လူနေအိမ်တစ်လုံး ထိမှန်ခဲ့ပြီး အကြီးအကျယ် ပျက်စီးသွားပုံကို ပြသထားသည်။
ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးရှိ အရပ်ဘက်နေရာသို့ ပစ်ခတ်ရန် ကျယ်ကျယ်ပြန့်ပြန့် ပြင်ဆင်နေမှုကို ဖော်ထုတ်သိရှိခဲ့ခြင်းကြောင့် အန္တရာယ်ကို ဖယ်ရှားရန် ကိုယ့်ကိုယ့်ကို ကာကွယ်သည့်အနေဖြင့် အစ္စရေးစစ်တပ်က တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း IDF ပြောခွင့်ရ ဒန်နီယယ် ဟာဂါရီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဗ် ဂဲလန့်က နိုင်ငံတစ်ဝန်းရှိ အရပ်ဘက်နေရာများတွင် အထူးအခြေအနေ ကြေညာထားကာ နိုင်ငံမြောက်ပိုင်းမှ တဲအဗစ်မြို့အထိ လုံခြုံရေးဆိုင်ရာ လမ်းညွှန်ချက်အသစ်များကို ဒေသခံများအတွက် ထုတ်ပြန်ခဲ့ပြီး လူအများအပြား စုဝေးခြင်းကို ပိတ်ပင်ကာ အကာအကွယ်ရှိသော နေရာများ သို့မဟုတ် လုံခြုံစိတ်ချရသော အခန်းများ၏ အနီးအနားတွင်သာ နေထိုင်ရန် ပြည်သူများအား တိုက်တွန်းထားသည်။
အစ္စရေးနိုင်ငံရှိ ဘန်ဂူရီယွန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဆိုက်ရောက်/ထွက်ခွာ လေယာဉ်ခရီးစဉ်များကို ယာယီရပ်ဆိုင်းထားကာ နံနက်ပိုင်းတွင် အပြည့်အဝ ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း လေဆိပ်အာဏာပိုင်များက ကြေညာခဲ့သည်။

ဟစ်ဇ်ဘိုလာ အကြီးတန်းတပ်မှူး Fouad Shokor အား အစ္စရေးက တိုက်ခိုက်ခဲ့ခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးနိုင်ငံရှိ စစ်ဘက်နေရာ ၁၁ နေရာကို ဒုံးကျည်အစင်းရေ ၃၂၀ ကျော်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့က ဩဂုတ် ၂၅ ရက်တွင် ပြောကြားခဲ့သည်ဟု Lebanese National News Agency (NNA) က ဖော်ပြခဲ့သည်။
ဩဂုတ် ၂၅ ရက် အစောပိုင်းတွင် အစ္စရေးက လက်ဘနွန်အား လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ် လုပ်ဆောင်ခဲ့သည့်အတွက် အိမ်ရာအဆောက်အအုံများ၊ ကောက်ပဲသီးနှံများ၊ အထူးသဖြင့် လျှပ်စစ်ဓာတ်အားနှင့် ရေပေးဝေရေးစနစ်ကဲ့သို့ အခြေခံအဆောက်အအုံများ အကြီးအကျယ် ပျက်စီးခဲ့ကြောင်းလည်း NNA သတင်းဌာနက ဖော်ပြခဲ့သည်။ ယင်းတိုက်ခိုက်မှုသည် ယမန်နှစ်နှောင်းပိုင်းတွင် အစ္စရေး-ဟစ်ဇ်ဘိုလာ ပဋိပက္ခ စတင်ဖြစ်ပွားပြီးနောက်ပိုင်း အပြင်းထန်ဆုံးဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………….
(English Version)
100 Israeli warplanes strike Lebanon: Israeli army
JERUSALEM/BEIRUT, Aug. 25 (Xinhua) — About 100 Israeli warplanes struck and destroyed “thousands” of Hezbollah rockets and missile launcher barrels to be launched at northern and central Israel, the Israel Defense Forces (IDF) said in a statement on Sunday.
The strikes targeted more than 40 launch areas in southern Lebanon, which began before dawn, the IDF said, adding that most of the launchers were aimed at northern Israel, with some directed toward central Israel.
“Whoever hurt us — we hurt them,” Israeli Prime Minister Benjamin Netanyahu said in a video statement.
During the strikes, one person was killed in the town of Khiam in southern Lebanon, Israel’s state-owned Kan TV news reported.
Israel’s Magen David Adom rescue service reported that a woman in northern Israel was lightly injured by shrapnel. Video footage circulating on social media showed that a residential home in Acre was hit and sustained heavy damage.
IDF Spokesman Daniel Hagari said during a press briefing that the military had “identified extensive preparation by Hezbollah to fire toward the Israeli home front” and launched the strikes as “a self-defense act to remove threats.
” Israeli Defense Minister Yoav Gallant has declared a “special situation on the home front” nationwide. New security guidelines were issued for residents from the north to Tel Aviv, banning large gatherings and urging people to stay close to shelters or safe rooms.
Ben Gurion International Airport was temporarily shut down for incoming and outgoing flights, the Airports Authority announced, adding that full operations would resume during the morning hours.
Hezbollah said on Sunday that it had fired more than 320 rockets at 11 Israeli army sites in retaliation for Israel’s attack on Hezbollah’s senior military commander, Fouad Shokor, the Lebanese National News Agency (NNA) reported.
The NNA further reported that a series of Israeli air strikes on Lebanon began in the early hours of Sunday, causing serious damage to property, crops, and infrastructure, especially electricity and water systems. It was the heaviest since the start of the Hezbollah-Israeli conflict late last year.
English Caption
This photo shows smoke caused by an Israeli airstrike in Al-Qusayr, Lebanon, Aug. 25, 2024.(Photo by Ali Hashisho/Xinhua)