Asia
ပါကစ္စတန်အား စစ်လက်နက်များ ပေးပို့နေသည်ဟူသော သတင်းများကို တူကီယဲ ငြင်းဆို၊ အိန္ဒိယနှင့် ပါကစ္စတန်တို့အနေဖြင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန် အာဒိုဂန် တိုက်တွန်း

အန်ကာရာ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)
ပါကစ္စတန်နှင့် အိန္ဒိယကြား တင်းမာမှုများ အရှိန်မြင့်တက်နေခိုက် စစ်လက်နက်များ တင်ဆောင်လာသော လေယာဉ်များကို ပါကစ္စတန်သို့ စေလွှတ်ခဲ့သည်ဟူသော သတင်းများကို တူကီယဲနိုင်ငံ အစိုးရက ဧပြီ ၂၈ ရက်၌ ငြင်းဆိုခဲ့သည်။
“တူကီယဲနိုင်ငံက စစ်လက်နက်တွေ အပြည့်ပါတဲ့ လေယာဉ်ခြောက်စင်းကို ပါကစ္စတန်ဆီ စေလွှတ်ခဲ့တယ်ဆိုတဲ့ မီဒီယာတချို့ရဲ့ ရေးသားဖော်ပြမှုက မမှန်ကန်ပါဘူး” ဟု တူကီယဲအစိုးရ၏ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက X ဆိုရှယ်မီဒီယာပလက်ဖောင်းတွင် ထုတ်ပြန်ခဲ့သည်။ တူကီယဲ သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်းမှာ ကြိုတင်စီစဉ်ထားသော လမ်းကြောင်းအတိုင်း ဆက်လက်မထွက်ခွာမီ လေယာဉ်ဆီဖြည့်ရန် ရည်ရွယ်ချက်သက်သက်ဖြင့် ပါကစ္စတန်နိုင်ငံတွင် ဆင်းသက်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ရှင်းလင်းပြောဆိုခဲ့သည်။
အိန္ဒိယနှင့် ပါကစ္စတန်တို့အနေဖြင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန် တူကီယဲသမ္မတ ရီဆပ် တေယစ် အာဒိုဂန်က တိုက်တွန်းနေချိန်တွင် တူကီယဲ၏ ငြင်းဆိုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ “ပါကစ္စတန်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံကြား တင်းမာမှုတွေ ဒီထက်ပိုပြီးပြင်းထန်တဲ့ အခြေအနေကို ရောက်မလာခင်မှာ တတ်နိုင်သမျှအမြန်ဆုံး ပြေလျော့သွားတာကိုပဲ ကျွန်တော်တို့အနေနဲ့ ဖြစ်စေချင်ပါတယ်” ဟု မြို့တော်အန်ကာရာတွင် အစိုးရအဖွဲ့အစည်းအဝေး ပြုလုပ်ပြီးနောက် ဧပြီ ၂၈ ရက်၌ အာဒိုဂန်က သတင်းထောက်များကို ပြောကြားခဲ့သည်။ “တူကီယဲနိုင်ငံအနေနဲ့ မိမိတို့ဒေသတွင်းနဲ့ ပြင်ပမှာ ပဋိပက္ခတွေ ထပ်မံပေါ်ပေါက်လာမှာကို မလိုလားကြောင်း အခါအခွင့်သင့်တိုင်း အလေးထားပြောဆိုနေတာဖြစ်တယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အိန္ဒိယ သတင်းဌာနများ၏ ဖော်ပြချက်အရ ဧပြီ ၂၂ ရက်က အိန္ဒိယထိန်းချုပ်ခံ ကက်ရှ်မီးယားဒေသ၌ အမည်မသိ တိုက်ခိုက်ရေးသမားများ၏ လက်ချက်ကြောင့် လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့သည့် ဆိုးရွားသော တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့်အတွက် သီတင်းတစ်ပတ်ကြာ ရန်လိုမှုများ မြင့်တက်ခဲ့ပြီးနောက် အာဒိုဂန်၏ ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အိန္ဒိယဘက်က ထိုဖြစ်စဉ်တွင် ပါကစ္စတန် ပါဝင်ပတ်သက်နေသည်ဟု အလျင်အမြန် စွပ်စွဲပြောဆိုကာ တုံ့ပြန်ခဲ့ပြီး အလွန်အရေးပါသော ရေမျှဝေအသုံးပြုရေး သဘောတူညီချက်ဖြစ်သည့် အိန္ဒုမြစ်ရေ မျှဝေသုံးစွဲရေး သဘောတူညီချက်တွင် ပါဝင်မှုအား ဆိုင်းငံ့ခြင်း၊ နယ်စပ်ဂိတ်များကို ပိတ်ပင်ခြင်း၊ ပါကစ္စတန် သံတမန်ဝန်ထမ်းများကို နှင်ထုတ်ခြင်း စသည့် သိသာထင်ရှားသော အစီအမံများကို လုပ်ဆောင်ခဲ့သည်။
ပါကစ္စတန် အထက်လွှတ်တော်ကမူ ကက်ရှ်မီးယား တိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ပါကစ္စတန်အပေါ် အိန္ဒိယ၏ စွပ်စွဲပြောဆိုမှုများကို ပယ်ချသည့် ဆုံးဖြတ်ချက်အဆိုအား ဧပြီ ၂၅ ရက်က တညီတညွတ်တည်း အတည်ပြုခဲ့သည်။ ထို့နောက် ပါကစ္စတန်အစိုးရကလည်း သဘောတူညီချက်အတိုင်း စီမံခန့်ခွဲနေသော မြစ်ရေစီးဆင်းမှု လမ်းကြောင်းကို ပြောင်းလဲရန် အိန္ဒိယ၏ ကြိုးပမ်းမှုမှန်သမျှကို အင်ပြည့်အားပြည့် တုံ့ပြန်မည်ဖြစ်ကြောင်း ဧပြီ ၂၆ ရက်က သတိပေးခဲ့သည်။
ပိုင်နက်အငြင်းပွား ကက်ရှ်မီးယားဒေသအား လက်တွေ့သဘောအရ နယ်နိမိတ် ပိုင်းခြားထားသည့် နယ်စပ်ထိန်းချုပ်မျဉ်းတစ်လျှောက်တွင် ပါကစ္စတန်နှင့် အိန္ဒိယတပ်ဖွဲ့ဝင်များကြား ဧပြီ ၂၆ ရက် ညပိုင်းမှ ဧပြီ ၂၇ ရက် နံနက်ပိုင်းအထိ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု ပါကစ္စတန် လုံခြုံရေးသတင်းရင်းမြစ်များက ပြောဆိုထားရာ အခြေအနေ မတည်ငြိမ်မှုများကို မြင့်တက်စေခဲ့သည်။ (Xinhua)
…………………
(English Version)
Türkiye denies sending weapons to Pakistan as Erdogan urges India-Pakistan restraint
ANKARA, April 28 (Xinhua) — Türkiye’s government on Monday denied reports that it had dispatched aircraft carrying weapons to Pakistan amid escalating tensions between Islamabad and New Delhi.
“The claim reported by certain media outlets that ‘Türkiye sent six aircraft full of weapons to Pakistan’ is not true,” the government’s Directorate of Communications stated on the social media platform X. Officials clarified that a single Turkish transport plane had landed in Pakistan solely for refueling before proceeding along its planned route.
The denial came as Turkish President Recep Tayyip Erdogan called for restraint between India and Pakistan. “We want the escalating tensions between Pakistan and India to be de-escalated as soon as possible, before they evolve into a more serious situation,” Erdogan told reporters on Monday following a cabinet meeting in Ankara, the capital. “Türkiye emphasizes at every opportunity that we do not want new conflicts in our region and beyond.”
Erdogan’s comments followed a week of mounting hostility sparked by a deadly attack last Tuesday in Indian-controlled Kashmir, where unknown assailants killed at least 25 people, according to Indian news reports.
In response, India swiftly accused Pakistan of involvement, announcing on Wednesday significant measures including the suspension of participation in the Indus Waters Treaty — a critical water-sharing agreement, closing border crossings, and expelling Pakistani diplomatic personnel.
Pakistan’s Senate on Friday unanimously passed a resolution rejecting what it termed “Indian allegations” linking it to the Kashmir attack. Islamabad subsequently warned on Saturday that it would respond with full force to any Indian attempt to alter water flows governed by the treaty.
Adding to the volatility, Pakistani security sources reported exchanges of fire between Pakistani and Indian forces along the Line of Control, the de facto border in the disputed region of Kashmir, lasting from Saturday night into Sunday morning. ■
English Caption
This file photo shows Turkish President Recep Tayyip Erdogan speaking at the opening of the fourth Antalya Diplomacy Forum in Antalya, Türkiye, on April 11, 2025. (Mustafa Kaya/Handout via Xinhua)