Connect with us

News

အမေရိကန်နိုင်ငံဂျော်ဂျီယာပြည်နယ်တွင် သမ္မတရွေးကောက်ပွဲ မဲရလဒ်များ လက်ဖြင့် ပြန်လည်ရေတွက်မည်ဟုဆို

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုရှိ မဲရုံတစ်ခုမှ မဲသေတ္တာအားနိုဝင်ဘာ ၃ ရက်က တွေ့ရစဉ်(Xinhua/Wu Xiaoling)

ဝါရှင်တန်၊နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ်

အမေရိကန်နိုင်ငံတောင်ပိုင်း ဂျော်ဂျီယာပြည်နယ်တွင် သမ္မတရွေးကောက်ပွဲ မဲရလဒ်များကို တစ်ပြည်နယ်လုံးအတိုင်းအတာ လက်ဖြင့် ပြန်လည်ရေတွက် ပြည်နယ်အုပ်ချုပ်ရေးမှူး Brad Raffensperger က နိုဝင်ဘာ ၁၁ ရက်တွင် ကြေညာခဲ့သည်။

ယင်းပြည်နယ်တွင် ဆန္ဒမဲပေါင်း ၅ သန်း နီးပါးအနက် ဒုတိယသမ္မတ(ဟောင်း) ဂျိုးဘိုင်ဒန်က လက်ရှိသမ္မတဒေါ်နယ်ထရမ့်ထက် မဲအရေအတွက် ၁၄,၀၀၀ ကျော်ဖြင့် ဦးဆောင်နေကြောင်း NBC သတင်းဌာနက ဖော်ပြခဲ့သည်။“ မဲကွာဟချက်က သိပ်ကို နီးကပ်နေပါတယ် ၊ ဒါကြောင့် ပြည်နယ်အတွင်းက ရပ်ကွက်(ကောင်တီ) မဲရုံတစ်ခုချင်းစီတိုင်မှာ မဲတွေကို လက်နဲ့ ပြန်လည်ရွေးတွက်ဖို့ လိုအပ်ပါတယ်” ဟု ရီပတ်ဘလီကန်ပါတီမှ Raffensperger က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

“ ဒါဟာ ယုံကြည်မှုတည်ဆောက်ဖို့ အကူအညီဖြစ်စေမှာပါ ၊ မဲအားလုံးကို ပြန်ပြီးစိစစ်တာ နဲ့ ရေတွက်တာကို ချက်ချင်းလုပ်ရမှာပါ ” ဟု ၎င်းက ဆိုသည်။
ပြည်နယ်မဲရလဒ်များ နောက်ဆုံးထုတ်ပြန်ပေးရမည့် သတ်မှတ်ရက်ဖြစ်သော နိုဝင်ဘာ ၂၀ ရက်မတိုင်မီ တစ်ပြည်နယ်လုံး၏ မဲရေတွက်မှုလုပ်ငန်းစဉ်ကို အပြီးလုပ်ဆောင်သွားရမည်ဖြစ်ကြောင်းလည်း Raffensperger က ဆိုသည်။

ရွေးကောက်ပွဲကျင်းပပြီး တစ်ရက်အကြာ နိုဝင်ဘာ ၇ ရက်တွင် အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ၎င်းအနိုင်ရရှိကြောင်း ဒီမိုကရက်တစ်ပါတီသမ္မတလောင်းဂျိုးဘိုင်ဒန်က ထုတ်ဖော်ကြေညာခဲ့သည်။ သို့သော် ထရမ့်က ရွေးကောက်ပွဲရလဒ်အပေါ် အလျှော့ပေးခဲ့ခြင်းမရှိသလို မဲရေတွက်ရာတွင်မှားယွင်းမှု နှင့် မဲလိမ်လည်မှုများရှိကြောင်း စွပ်စွဲချက်များဖြင့် တရားရုံးတွင် ရင်ဆိုင်ရန် တရားစွဲဆိုမှုပြုလုပ်ခဲ့သည်။

ဂျိုးဘိုင်ဒန်သည် အီလက်ထရိုမဲပေါင်း အနည်းဆုံး ၂၇၉ မဲ ရရှိခဲ့သည်ဟု အမေရိကန်မီဒီယာများ၏ ခန့်မှန်းချက်အရ သိရသည်။ အီလက်ထရိုမဲ စုစုပေါင်း ၅၃၈ မဲအနက် သမ္မတဖြစ်ခွင့်ရရန် အနည်းဆုံးမဲပေါင်း ၂၇၀ လိုအပ်ကြောင်း သိရသည်။

ရွေးကောက်ပွဲပြီးနောက် ပြည်နယ်တစ်ခုချင်းစီအနေဖြင့် မဲရလဒ်များ ထုတ်ပြန်ပေးရန် တရားဝင်သတ်မှတ်ရက်ရှိနေသလို ယင်းလုပ်ငန်းစဉ်အတွက် ရက်သတ္တပတ်အနည်းငယ်ထိ ကြာမြင့်နိုင်ကြောင်း နှင့် ယေဘုယျအားဖြင့် (ကောင်တီ)မဲရုံများ၏ ရလဒ်များအား အတည်ပြုခြင်းနှင့်အတူ ပြည်နယ်မဲရလဒ်များကို စတင် ထုတ်ပြန်ပေးလေ့ရှိကြောင်း သိရသည်။
“Safe Harbor ” ဥပဒေချိုးဖောက်ခြင်းမရှိအောင်အကာအကွယ်ပေးရေး နောက်ဆုံးသတ်မှတ်ရက်ဟု ခေါ်ဆိုသည့်အမေရိကန်ဖက်ဒရယ် ပြည်ထောင်စုဉပဒေတစ်ခုအရ ပြည်နယ်များအနေဖြင့် ဥပဒေကြောင်းအရ အငြင်းပွားမှုများမှ ကာကွယ်ပေးရန်အတွက် သမ္မတရွေးကောက်ပွဲမဲရလဒ်များကို ဒီဇင်ဘာ ၈ ရက်နောက်ဆုံးထား၍ အပြီးသတ် တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။ထိုသို့ပြုလုပ်ပြီး ၆ ရက်အကြာ ဒီဇင်ဘာ ၁၄ ရက်တွင် နောက်လာမည့်အမေရိကန်သမ္မတကို တရားဝင်ရွေးကောက်တင်မြှောက်ရန် အီလက်ထရိုကောလိပ်မဲဆန္ဒနယ် ကိုယ်စားပြုသူများသည် တွေ့ဆုံရမည်ဖြစ်ကြောင်း သိရသည်။(Xinhua)