Local
စီးပွားရေး ဇုန်သစ်များ တိုးချဲ့ဆောင်ရွက် သွားမည်
ရန်ကုန် ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ)
မြန်မာ နိုင်ငံအနေဖြင့် အထူးစီးပွားရေးဇုန်ကြီး ၃ ခု ကို ဆောင်ရွက်လျက် ရှိပြီး ရှေ့ဆက်၍ စီးပွားရေးဇုန် သစ်များ နှင့် ဗဟိုလုပ်ငန်းအဖွဲ့ တို့ကို ထပ်မံ တိုးချဲ့ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာ့အထူး စီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားခဲ့သည်။
ထိုလုပ်ငန်းများဆောင်ရွက်ရာတွင် ပြဋ္ဌာန်းထားပြီးဖြစ်သည့် အထူးစီးပွားရေးဇုန်များ ဥပဒေနှင့်အညီ လိုက်နာ သွားရမည် ဖြစ်သလို ဒေသခံပြည်သူလူထု၏ ကျန်းမာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှုတို့ အပေါ် တွင်လည်း ထည့်သွင်းစဉ်းစားပေးကြရန် လိုအပ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်က ဇန်နဝါရီ ၁၆ ရက်တွင် ပြုလုပ်သော မြန်မာ့ အထူးစီးပွားရေး ဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ ၁/၂၀၁၇ ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။
နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးမှုတွင် အထူးစီးပွားရေး ဇုန်များ၏ အခန်းကဏ္ဍသည် အလွန်အရေး ပါသည့်အတွက် လက်ရှိ ဆောင်ရွက်ဆဲ အထူး စီးပွားရေးဇုန်များအား ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၊ အထူးစီးပွားရေးဇုန်များ၏ အကောင်အထည်ဖော် ဆောင် ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံနှင့် အလားအလာများကို အများပြည်သူ ထင်သာမြင်သာရှိအောင် ဆောင်ရွက် လာခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံလိုသူများကို ဆွဲဆောင်နိုင်မှာ ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)