Connect with us

Economy

ခေတ်သစ်ပိုးလမ်းမကြီး (သို့) ကမ္ဘာကြီးအတွက် အလားအလာကောင်းတစ်ခု

လူဇမ်းဘတ်နိုင်ငံ Dudelange မြို့ ကုန်တင်ရထားဘူတာရုံတစ်ခုတွင် ၂၀၁၉ ခုနှစ် ဧပြီ ၄ ရက်တွင် ကျင်းပသော လူဇမ်းဘတ်-ချန်ဒူး ကုန်တင်ရထားလမ်း တရားဝင်ဖွင့်ပွဲအခမ်းအနားတစ်ခုသို့ တရုတ်နိုင်ငံနှင့် လူဇမ်းဘတ်နိုင်ငံမှ ဧည့်သည်တော်များ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးစဉ်။ ကုန်သေတ္တာ ၄၁ လုံးတင်ဆောင်ထားသော ပထမဆုံးသော ကုန်တင်ရထားသည် တရုတ်နိုင်ငံသို့ ပြေးဆွဲမည်ဖြစ်ပြီး ပေ ၄၀ ကုန်သေတ္တာများတွင် စက်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းများ၊ အစားအစာ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ အပါအဝင် ဥရောပတိုက်မှ အခြားသော သွင်းကုန်ပစ္စည်းများ ပါရှိလာပြီး ဂျာမနီနိုင်ငံ၊ ပိုလန်နိုင်ငံ၊ ဘယ်လ်လာရုစ်နိုင်ငံ၊ ရုရှားနိုင်ငံ နှင့် ကာဇက်စတန်နိုင်ငံတို့ကို ဖြတ်၍ ၁၅ ရက်အကြာတွင် ချန်ဒူးမြို့ရှိ ချင်းဘိုင်ကျန်းအပြည်ပြည်ဆိုင်ရာဘူတာရုံသို့ ရောက်ရှိလာမည်ဖြစ်သည်။ ရထားလမ်းသစ်အား အပြည့်အဝလည်ပတ်နိုင်ပြီဆိုပါက ကုန်တင်ရထားများသည် အနည်းဆုံးတစ်ပတ်လျှင် တစ်ကြိမ်ဖြတ်သန်းသွားမည်ဟု ခန့်မှန်းရသည်။ (Xinhua/Zheng Huansong)

ကိုယ်ကျိုးစီးပွားကာကွယ်မှု နှင့် တစ်ဖက်သတ်ဝါဒများ ကြီးထွားလာမှုကြောင့် အခက်အခဲ အတားအဆီးများ ဖြစ်ပေါ်နေသည့်ကြားမှ ခေတ်သစ်ပိုးလမ်းမကြီးအကောင်အထည်ဖော်မှု (BRI) သည် ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲစီးပွားရေးနိုင်ငံများ အားလုံးအတွက် အကျိုးအမြတ်ဖြစ်ထွန်းနိုင်ခြေရှိသော အားကောင်းသည့် အလားအလာကောင်းတစ်ခုဖြစ်ကြောင်း သက်သေပြခဲ့ပြီးဖြစ်သည်။

ယခုအချိန်အထိ နိုင်ငံပေါင်း ၁၂၄ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၂၉ ခု သည် ခေတ်သစ်ပိုးလမ်းမကြီးအကောင်အထည်ဖော်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များအတွက် တရုတ်နိုင်ငံနှင့် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။ ပြင်သစ်နိုင်ငံသည် တရုတ်နိုင်ငံနှင့် ပူးပေါင်းကာ BRI နှင့် ဆက်စပ်နေသော တတိယနိုင်ငံများဈေးကွက်အား ပူးတွဲမြှင့်တင်ရန် သဘောတူညီခဲ့သလို အီတလီနှင့် တရုတ်နိုင်ငံတို့သည် ခေတ်သစ်ပိုးလမ်းမကြီးအကောင်အထည်ဖော်မှုအား ပူးတွဲအဆင့်မြှင့်တင်ရန် နားလည်မှုစာချွန်လွှာတစ်စောင်ကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။

နိုင်ငံတကာကုန်သွယ်မှု၏ အသက်သွေးကြောဖြစ်သော တရုတ်-ဥရောပ ကုန်တင်ရထားများသည် ယခုအခါ တရုတ်နိုင်ငံရှိ မြို့ပေါင်း ၅၉ မြို့ကို ဥရောပနိုင်ငံ ၁၅ နိုင်ငံမှ မြို့ပေါင်း ၅၀ မြို့ နှင့် ချိတ်ဆက်ထားပြီးဖြစ်ကာ ဖေဖော်ဝါရီလကုန်အထိ ခရီးစဉ်ပြေးဆွဲမှုပေါင်း ၁၄,၀၀၀ ခု အထိ တဖြည်းဖြည်း ရောက်ရှိခဲ့သည်။

ကမ္ဘာ့ဘဏ်နှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများ၏ နောက်ဆုံးလေ့လာချက်များအရ BRI ပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုစရိတ်များကို ၁.၁ ရာခိုင်နှုန်းမှ ၂.၂ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်မည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးတိုးတက်ကြီးပွားမှုကို အနည်းဆုံး ဝ.၁ ရာခိုင်နှုန်း မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဂျာမနီနိုင်ငံ ဟန်းဘာ့ခ်မြို့ရှိ ယူရိုကွန်ဘီဂိတ်၌ ၂၀၁၈ ခုနှစ် မေလ ၂၉ ရက်တွင် China Railway Express (CRE) ကုန်တင်ရထား၏ ကုန်သေတ္တာအားသယ်ချနေစဉ်။ ဟန်းဘာ့ခ်မြို့သည် ဥရောပတိုက်၏ ဒုတိယအကြီးဆုံး ဆိပ်ကမ်းတစ်ခု ဖြစ်ပြီး China Railway Express (CRE) ၏ အရေးကြီးသော လမ်းကြောင်းများအနက် တစ်ခုဖြစ်ကာ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ခေတ်သစ်ပိုးလမ်းမကြီးအကောင်အထည်ဖော်မှုတွင် ထင်ရှားသောအခန်းကဏ္ဍမှပါဝင်လုပ်ဆောင်ခဲ့သည်။ (Xinhua/Shan Yuqi)

ကမ္ဘာ့စီးပွားရေးအား ခြုံငုံသုံးသပ်ကြည့်မည်ဆိုပါက အထူးသဖြင့် ကုန်သွယ်ရေးတိုးတက်ကြီးပွားမှုသည် နှေးကွေးနေသည့်အတွက် BRI အနေဖြင့် ပိုမိုပွင့်လင်းသော၊ အားလုံးပါဝင်နိုင်သော၊ ဟန်ချက်ညီမှုရှိသော နည်းလမ်းတစ်ခုဖြင့် ကမ္ဘာလုံးဆိုင်ရာလွှမ်းခြုံမှုစနစ်ကို အဆင့်မြှင့်တင်ခြင်းဖြင့် ကမ္ဘာ့စီးပွားရေး ပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်ရမည်မှာ သံသယဝင်စရာမရှိချေ။

ကမ္ဘာကြီးသည် ကြီးပွားတိုးတက်မှုအတွက် တွန်းအားသစ်များ ပေါက်ပွားလာစေရန် ချိတ်ဆက်ဆောင်ရွက်မှုများကို မြှင့်တင်ရန်နှင့် ဟန်ချက်ညီမှုမရှိသော ဖွံ့ဖြိုးတိုးတက်မှု ပြဿနာများကို ဖြေရှင်းရန် ယခင်ကထက် များစွာလိုအပ်နေပြီဖြစ်သည်။

ဖွံ့ဖြိုးပြီးနိုင်ငံများအတွက် ခေတ်သစ်ပိုးလမ်းမကြီးအကောင်အထည်ဖော်မှုတွင် ပိုမိုတက်ကြွစွာပါဝင်မှုသည် ၎င်းတို့အား တရုတ်နိုင်ငံ၏ ဈေးကွက်အတွင်း ကောင်းမွန်စွာဝင်ရောက်နိုင်ခွင့်ကို ရရှိစေမည်ဖြစ်ကာ ထုတ်ကုန်ပစ္စည်းသုံးစွဲမှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ၎င်းတို့နိုင်ငံများမှ ကုန်ပစ္စည်းထုတ်လုပ်မှုကို အရှိန်အဟုန်မြင့်တိုးတက်လာစေမည်ဖြစ်သည်။

ထို့ပြင် ထိုနိုင်ငံများအနေနှင့် တရုတ်နိုင်ငံ၏ကြီးမားလှသောကဏ္ဍများတွင် တရုတ်နိုင်ငံရှိဖွံ့ဖြိုးတိုး တက်မှုအခွင့်အလမ်းများမှလည်း ၎င်းတို့အတွက်အကျိုးကျေးဇူးများရရှိနိုင်ပေသည်။ ပိုးလမ်းမကြီး စီမံကိန်းဖော်ဆောင်မှုအောက်ရှိ ခေတ်မီကုန်သွယ်ရေးလမ်းကြောင်းများက ကုန်စည်များကိုသာမက ဝန်ဆောင်မှုလုပ်ငန်းများကိုပါ တင်ပို့စီးဆင်းစေမည်ဖြစ်သည်။ အထူးသဖြင့်သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး၊ ငွေရေးကြေးရေး၊ ဥပဒေ၊ ကုန်ပစ္စည်းတင်ပို့ဖြန့်ဖြူးမှုနှင့် အခြားနယ်ပယ်များတွင်ပါ ဖွံ့ဖြိုးပြီးနိုင်ငံများအနေနှင့် အကျိုးကျေးဇူးများစွာရရှိစေနိုင်ပေမည်။

ပိုးလမ်းမကြီးစီမံကိန်း၏ ဒုတိယမြောက်နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ပေကျင်းမြို့တွင် ဧပြီလနှောင်းပိုင်း၌ကျင်းပရန် အစီအစဉ်ရှိပေသည်။ ထိုဖိုရမ်သို့ အစိုးရအဖွဲ့ခေါင်းဆောင်များ ၄၀ ဦးခန့် အပါအဝင်နိုင်ငံပေါင်း ၁၀၀ ကျော်မှကိုယ်စားလှယ်များတက်ရောက်ရန်အတည်ပြုထားပေသည်။ ၂၀၁၃ ခုနှစ်ကစတင်ခဲ့သော ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှုမှာ ယခုအခါ ရည်မှန်းချက်ကောင်း ကောင်းဖြင့်ရှေ့ဆက်ဆောင်ရွက်နေနိုင်ပြီဖြစ်သည်။

ကမ္ဘာ့နိုင်ငံများအနေနှင့်လည်းညှိနှိုင်းဆွေးနွေးခြင်း ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို ဝေမျှယူနိုင်ရေးအတွက် များစွာရှေ့ဆက်ဆောင်ရွက်ကြရမည်ဖြစ်ပေသည်။ (Xinhua)