Connect with us

Economy

အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်ရေးစစ်ပွဲတင်းမာမှု ကမ္ဘာက အာရုံစိုက်လာ

အမေရိကန်နိုင်ငံ နယူးယောက်မြို့ Wall Street တွင် လွှင့်ထူထားသည့် တရုတ်နိုင်ငံအလံအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

ကမ္ဘာ့အင်အားအကြီးဆုံး စီးပွားရေး နိုင်ငံနှစ်ခုဖြစ်သော တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံအကြား ယခုအခါတွင် ကုန်သွယ်ရေး တင်းမာမှု မြင့်တက်လျက်ရှိပြီး နိုင်ငံတကာ၏ အာရုံစိုက်မှုများ ရှိလာကြသည်ကို တွေ့ရသည်။

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် ဖြည့်စွက်အခွန် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံကောက်ခံမည် ဖြစ်ကြောင်း ဧပြီလ ၅ ရက်က ကြေညာခဲ့သည်။ ယင်းသို့ကြေညာပြီး နာရီပိုင်းအကြာ တရုတ်နိုင်ငံဘက်မှလည်း“မည်သို့ ဆုံးရှုံးမှုတွေရှိပါစေ အဆုံးတိုင်အောင် တိုက်ခိုက်သွားရန်”နှင့် “မဟာဗျူဟာကျသော တန်ပြန်အစီအမံများ” လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံရှိ ကွန်တိန်နာဆိပ်ကမ်းတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ယင်းသည် ကမ္ဘာ့ စီးပွားရေးအင်အားကြီးနိုင်ငံနှစ်ခုအကြား တတိယအကြိမ် ကုန်သွယ်ရေးတင်းမာမှု ဖြစ်ပွားရခြင်း ဖြစ်သည်။ ထိုသုံးကြိမ်လုံးကိုလည်း အမေရိကန်နိုင်ငံဘက်မှ စတင်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရသည်။ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့အစည်း (World Trade Organization) အား မျက်ကွယ်ပြုလိုက်သည့် အမေရိကန်နိုင်ငံ၏ အဆိုပါ ကိုယ်ကျိုးစီးပွားကာကွယ်ရေး ဆောင်ရွက်မှုက ကြီးစွာသော မှားယွင်းမှု တစ်ရပ်ဖြစ်ကြောင်းလည်း နိုင်ငံတကာမှ ပညာရှင်များက ဝေဖန်ခဲ့ကြသည်။

အမေရိကန်နိုင်ငံ၏ ကိုယ်ကျိုးစီးပွားကာကွယ်သော မူဝါဒ နောက်ဆုံးလုပ်ဆောင်မှုအပေါ် တရုတ်နိုင်ငံက တန်ပြန် အစီအမံများ အသေးစိတ် စီစဉ်ဆောင်ရွက်ကာ “ပြင်းပြင်းထန်ထန်” ပြန်လည်တိုက်ခိုက်ရန် အဆင်သင့်ဖြစ်ကြောင်း လက်တွေ့ပြသမည်ဟု တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (MOC) က ဧပြီလ ၆ ရက်တွင် ပြောကြားခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေူအဖွဲ့အစည်းရုံးချုပ်အား တွေ့ရစဉ် (ဆင်ဟွာ)

“ကျွန်တော်တို့က ကုန်သွယ်ရေးစစ်ပွဲ ဖြစ်မှာကို မလိုလားပါဘူး။ ဒါပေမဲ့ ကြောက်ရွံ့နေမှာတော့ မဟုတ်ပါဘူး” ဟု တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Goa Feng က ဧပြီလ ၆ ရက်တွင် ပြောကြားလိုက်သည်။ယခုသီတင်းပတ် အစောပိုင်းတွင် အမေရိကန်နိုင်ငံ ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးက တရုတ်နိုင်ငံမှ သွင်းကုန် ဒေါ်လာ ၅၀ ဘီလီယံအပေါ် အကောက်ခွန် ၂၅ ရာခိုင်နှုန်း ထပ်တိုးကောက်ခံသတ်မှတ်ရန် အဆိုတင်သွင်းခဲ့ကြောင်း၊ အမေရိကန်နိုင်ငံမှ အခွန်စည်းကြပ်လိုက်သည့် ဒေါ်လာ ၅၀ ဘီလီယံ ပမာဏရှိသော ကုန်စည်များ စာရင်းတစ်ခုကို တရုတ်နိုင်ငံက ဧပြီလ ၄ ရက်တွင် ဖော်ပြပြောကြားခဲ့ပြီး အမေရိကန်နိုင်ငံ၏ လုပ်ဆောင်ချက်မှာ WTO ၏ ကုန်သွယ်ရေး အငြင်းပွားမှု ဖြေရှင်းရေးစနစ်နှင့် မကိုက်ညီကြောင်း ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ အနေဖြင့် လိုအပ်ပါက ထုတ်သုံးရန် ဝှက်ဖဲများစွာ ရှိကြောင်း WTO ဆိုင်ရာ China Society အမှုဆောင်ကောင်စီ အဖွဲ့ဝင် He Weiwen က ပြောကြားခဲ့သည်။၎င်းက ဆက်၍ အမေရိကန်နိုင်ငံမှ ထွက်ရှိသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ရည်များအတွက် တရုတ်နိုင်ငံက အများဆုံး ဝယ်ယူသူဖြစ်သဖြင့် ကုန်သွယ်ရေး တင်းမာမှု မြင့်တက်လာပါက ရေနံနှင့် သဘာဝဓာတ်ငွေ့ရည်များလည်း နောင်တွင် အကောက်ခွန် မြင့်လာနိုင်ခြေရှိကြောင်း ထောက်ပြခဲ့သည်။

ယခင် ကုန်သွယ်ရေး တိုက်ခိုက်မှုတွင် အမေရိကန် ကုန်စည်များဖြစ်သော ပဲပိစပ်များ၊ မော်တော်ကားများ၊ လေယာဉ်နှင့် ဓာတုထုတ်ကုန်များလည်း တရုတ်နိုင်ငံ၏ တန်ပြန် အကောက်ခွန်တိုးမြှင့်သည့် စာရင်း၌ ပါဝင်ခဲ့သည်။တရုတ်နိုင်ငံက ကြေညာခဲ့သည့် တန်ပြန်အစီအမံများက အမေရိကန်နိုင်ငံ၏ တင်ဒါကဏ္ဍအား ထိခိုက်သွားခဲ့ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ပဲပိစပ်နှင့် လေယာဉ်ကဲ့သို့ ထုတ်ကုန်များက တရုတ်ဈေးကွက်အပေါ် မြင့်မားစွာ မှီခိုထားရသောကြောင့် ဖြစ်သည်။

တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချသည့် အမေရိကန် ပဲပိစပ်ရောင်းအားသည် စုစုပေါင်း ပဲပိစပ် ရောင်းအား၏ ၆၂ ရာခိုင်နှုန်းရှိကြောင်း၊ ၂၀၁၇ ခုနှစ်တွင် တရုတ်နိုင်ငံသို့ တင်ပို့သည့် ပဲပိစပ်တန်ချိန် ၃၂.၈၅ သန်း သို့မဟုတ် တရုတ်နိုင်ငံ၏ စုစုပေါင်း သွင်းကုန်၏ ၃၄.၃၉ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။“ပြည်တွင်း စက်မှုလုပ်ငန်းတွေကို တစ်စုထဲ စုပေါင်းထားတဲ့အတွက် တရုတ်နိုင်ငံက စီးပွားရေးဒဏ်ကို ကြံ့ကြံ့ခံနိုင်ရည်ရှိပါတယ်။ ကုန်သွယ်ရေး တင်းမာမှုမြင့်တက်လာခဲ့ရင်လည်း တွန်းလှန်နိုင်တဲ့ တန်ပြန်အစီအမံတွေနဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ အများကြီး ရှိပါတယ်” ဟု Renmin တက္ကသိုလ် ပါမောက္ခ Wang Xiaosong က ပြောကြားခဲ့သည်။

ကနေဒါနိုင်ငံမှ နိုင်ငံတကာ စီးပွားရေးကျွမ်းကျင်သူ Lan Lee ကလည်း အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်ရေး တင်းမာမှုများသည် နှစ်နိုင်ငံအရေးသာမကဘဲ ကျယ်ပြန့်သော နိုင်ငံတကာ ကုန်သွယ်ရေး စနစ်အား စိန်ခေါ်လိုက်ခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Zhu Guangyao က တရုတ်နိုင်ငံ အနေဖြင့် ပြင်ပဖိအားကို အရှုံးပေးမည် မဟုတ်ဟု အစောပိုင်းကတည်းက ထပ်လောင်းပြောကြားထားပြီး ဖြစ်သည်။“အခြားနည်းလမ်းအား ရှာဖွေကာ ပြင်ပဖိအားကို တီထွင်ဆန်းသစ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားအဖြစ် ပြောင်းလဲ မောင်းနှင်သွားမှာပါ” Zhu က ဆိုသည်။

ထို့ပြင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antio Guterres) ကလည်း ကုန်သွယ်ရေး စစ်ပွဲဟူသည် ပါဝင်သည့် နိုင်ငံအတွက်သာ ဆိုးဝါးခြင်းမဟုတ်ဘဲ နိုင်ငံတကာ စီးပွားရေး တစ်ခုလုံးကိုလည်း ဆိုးဝါးစေကြောင်း၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုရှိဖို့သာ အားလုံးအတွက် လိုအပ်ကြောင်း အလေးထား ပြောကြားခဲ့သည်။

“လွတ်လပ်သော ကုန်သွယ်မှုက ကမ္ဘာရေးဆိုင်ရာ ကြွယ်ဝချမ်းသာရေးအတွက် အလွန်အရေးကြီးပါတယ်” ဟု ဂူတာရက်စ်က ဖြည့်စွက် ပြောခဲ့သည်။“ကမ္ဘာ့ ပြဿနာတွေအတွက် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒကို ကျွန်တော် အခိုင်အမာယုံကြည်ပါတယ်။ နိုင်ငံ တစ်ခုချင်းစီအနေနဲ့ ကမ္ဘာ့ ပြဿနာတွေကို ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။ ကမ္ဘာ့ ပြဿနာတွေအတွက် ကမ္ဘာ့လုံးဆိုင်ရာ အဖြေတွေ ရှိဖို့လိုပါတယ်။ ကမ္ဘာလုံးဆိုင်ရာ အဖြေတွေရှိဖို့အတွက်က နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒ မူဘောင်တွေကတစ်ဆင့် အကောင်အထည်ဖော်မှသာလျှင် ရရှိနိုင်မှာ ဖြစ်ပါတယ်” ဟု ကုလသမဂ္ဂ အကြီးအကဲက တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံအကြား ကုန်သွယ်ရေး ပဋိပက္ခအပေါ် မှတ်ချက်ပြုခဲ့ပါသည်။

“သွင်းကုန်အပေါ် အခွန်အသစ်တိုးမြှင့်ကောက်ခံတာက စီးပွားရေးကို ကျဆုံးစေပါတယ်။ တိုးတက်မှုနဲ့ ကောင်းကျိုးချမ်းသာရှိမှုက ပူးပေါင်းဆောင်ရွက်ရေးအပေါ် အခြေခံပါတယ်” ဟု ဂျာမနီနိုင်ငံ ကုန်သည်ကြီးများအသင်း အမှုဆောင်အရာရှိချုပ် မာတင် ဝန်ဆလီဘန်ကလည်း ပြောကြားခဲ့ပြီး ကုန်သွယ်ရေးစစ်ပွဲမှာ ပါဝင်သည့် နိုင်ငံတွေအကြား တိုက်ရိုက်ညှိနှိုင်းကာ ကောင်းမွန် မျှတသော ကမ္ဘာ့ကုန်သွယ်ရေးကို ထိန်းသိမ်းရန် အကြံပြုခဲ့သည်။

မည်သို့ပင်ဖြစ်စေကာမူ တရုတ်နိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်စီးပွားရေးအား ဆက်လက်ကျင့်သုံးရေး၊ နိုင်ငံပေါင်းစုံပါဝင်သော ကုန်သွယ်ရေးအား ကာကွယ်စောင့်ရှောက်ရေး၊ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအား လွတ်လွတ်လပ်လပ် လွယ်လွယ်ကူကူရှိစေရေး မြှင့်တင်မှုတို့ကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကတိပြုခဲ့သည်။ (Xinhua)