Connect with us

Economy

၁၇ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ကျင်းပပြီးစီး ၊ အောင်မြင်မှုများစွာရရှိ

၁၇ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ တွင် ပြည်သူလူထုများ လာရောက်လည်ပတ်၍လကုန်ပစ္စည်းများ ဝယ်ယူနေစဉ်(ဆင်ဟွာ)

နန်နင်း ၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး

၁၇ ကြိမ်မြောက်တရုတ်-အာဆီယံ ကုန်စည်ပြပွဲသည် နိုဝင်ဘာ ၃၀ ရက်တွင် ကွမ်ရှီးနန်နင်းတွင် ကျင်းပပြီးစီးခဲ့ပြီး ယခုအကြိမ်ပြပွဲတွင် တရုတ်-အာဆီယံ အတူတကွ လက်တွဲ၍ COVID-19 တိုက်ဖျက်ရေးတွင် ရရှိခဲ့သည့်အောင်မြင်မှု နှင့် ဘက်ပေါင်းစုံကဏ္ဍအသီးသီးတွင် ပူးပေါင်းဖလှယ်မှု တို့မှ အောင်မြင်မှုများစွာကို ရရှိနိုင်ခဲ့ကြောင်း သိရသည်။

တရုတ်-အာဆီယံ ကုန်စည်ပြပွဲ အတွင်းရေးမှူးရုံး အတွင်းရေးမှူးချုပ် ဝမ်လေ က သတင်းစာရှင်းလင်းပွဲကျင်းပပြုလုပ်ရာတွင် ယခုအကြိမ်ကုန်စည်ပြပွဲတွင် ကုန်ပစ္စည်းပေါင်း ၁၅၀ ကျော်ကို မြေပြင် နှင့် အွန်လိုင်းတို့မှတစ်ဆင့် အရောင်းမြှင့်တင်ရေးဆောင်ရွက်မှုများပြုလုပ်ခဲ့ကြောင်း ၊ တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၏ မူဘောင်အောက်တွင် အဆင့်မြင့်ဖိုရမ်များ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး လွတ်လပ်စွာကုန်သွယ်ရေး ၊ ကျန်းမာရေး ၊ သတင်းအချက်အလက် ၊ ဆိပ်ကမ်း နှင့် ငွေကြေးဆိုင်ရာ ကဏ္ဍ တို့ပါဝင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ယခုအကြိမ်ကျင်းပ ပြုလုပ်သည့် ကုန်စည်ပြပွဲတွင် အဖွဲ့အစည်းအသီးသီး က နိုင်ငံတကာ နှင့် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက် စီမံကိန်းပေါင်း ၈၆ ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် ယွမ်ငွေ ၂၆၃.၈၇ ဘီလီယံ တန်ဖိုးရှိကြောင်း ၊ ယင်းပမာဏကယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ၄၃.၆ ရာခိုင်နှုန်းတိုးမြင့်ခဲ့ပြီး ၂၀၀၄ ခုနှစ် ပထမ အကြိမ် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ကျင်းပပြုလုပ်ခဲ့ပြီးနောက်တွင် ငွေကြေးပမာဏအားဖြင့် အများဆုံးချုပ်ဆိုနိုင်ခဲ့သော စီးပွားရေးဆိုင်ရာ သဘောတူညီချက်စာချုပ်များ ဖြစ်ကြကြောင်းသိရသည်။

ယခုအကြိမ် ကုန်စည်ပြပွဲ၏ အကျယ်အဝန်းမှာ ၁၀၄,၀၀၀ စတုရန်းမီတာ ရှိပြီး ကုန်ပစ္စည်းပြသနိုင်သည့် အခန်းပေါင်း ၅ ထောင်ကျော် ပါရှိကြောင်း ၊ မြေပြင်တွင် လက်တွေ့ ပြသခဲ့သည့် လုပ်ငန်း ကုမ္ပဏီပေါင်း ၁,၆၀၀ ကျော်ရှိခဲ့ကြောင်း ၊ ပထမဦးဆုံးအကြိမ် တင်ဆက်ပေးခဲ့သည့် အွန်လိုင်းကုန်စည်ပြပွဲတွင်လည်း တရုတ်ကုန်ပစ္စည်းပြခန်း ၊ အာဆီယံ ကုန်ပစ္စည်းပြခန်း ၊ ရပ်ဝန်းနှင့်ပိုးလမ်းမ လမ်းကြောင်းတစ်လျှောက်နိုင်ငံများ၏ ကုန်ပစ္စည်းပြခန်းဟူ၍ အွန်လိုင်းကုန်စည်ပြပွဲကို ဖန်တီးပေးခဲ့ကာ အွန်လိုင်းမှ တစ်ဆင့် လုပ်ငန်းကုမ္ပဏီပေါင်း ၁,၉၀၀ ကျော် ပါဝင်ပြသခဲ့ကြကြောင်း ၊ အွန်လိုင်းကုန်စည်ပြပွဲကို ဆက်လက်၍ ဖွင့်လှစ်ပေးထားမည်ဖြစ်ပြီး ပိတ်သိမ်းသည့်နေ့ရက် မရှိသော အွန်လိုင်းကုန်စည်ပြပွဲကြီးတစ်ရပ်ကို ဖန်တီးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်-အာဆီယံ ကုန်စည်ပြပွဲ အတွင်းရေးမှူးရုံး အတွင်းရေးမှူးချုပ် ဝမ်လေ က ၁၈ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲအား ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၀ ရက် မှ ၁၃ ရက် အထိ ကျင်းပ ပြုလုပ်သွားရန် စီစဉ်ထားကြောင်း ပြောကြား ခဲ့သည်။ (Xinhua)