Connect with us

Myanmar

အာရှဖလားပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း အပြီးသတ် လူရွေးချယ်

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ယှဉ်ပြိုင်ကစားနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်)

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

၂၀၂၂ ခုနှစ်ဇန်နဝါရီလ ၂၀ ရက်မှ ဖေဖော်ဝါရီလ ၆ ရက်အထိ အိန္ဒိယနိုင်ငံတွင် ကျင်းပမည့် ၂၀၂၂ အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ နောက်ဆုံးအဆင့်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းမှ အပြီးသတ်ကစားသမား ၂၃ ဦးအား ရွေးချယ်ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ယနေ့ ဇန်နဝါရီ ၁၄ ရက်တွင်ပြောသည်။

အာရှဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ အဖြစ် ဒေါ်မြတ်မြတ်ဦး၊ နည်းပြချုပ်အဖြစ် ဦးတင်မြင့်အောင်တို့ကဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ကစားသမားများအနေဖြင့် ဂိုးသမား မေဇင်နွယ်၊ ဇူးလတ်နဒီ၊ ခိုင်ဇာဝင်း၊ နောက်တန်းတွင် အေးအေးမိုး၊ ချစ်ချစ်၊ ခင်မျိုးဝင်း၊ ဖြူဖြူဝင်း၊ ဇွန်ယုယဦး၊ နန့်ဇူးဇူးထက်၊ အိအိကျော်ခင်၊ ခင်သန်းဝေ၊ အလယ်တန်းတွင် သင်းသင်းယု၊ ခင်မိုမိုထွန်း၊ ခင်မာလာထွန်း၊ ဝင်းဝင်း၊ နော်ထက်ထက်ဝေ၊ ရှေ့တန်းတွင် ဝင်းသိင်္ဂီထွန်း၊ စန်းသော်သော်၊ ခင်မိုးဝေ၊ မြတ်နိုင်းခင်၊ ဂျူလိုင်ကျော်၊ နှင်းပွင့်အေးနှင့် နုနုတို့ ပါဝင်ကြောင်း သိရသည်။

“ပဏာမ ကစားသမား ၂၇ ဦးနဲ့ လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး အပြီးသတ် ကစားသမား ၂၃ ဦးစာရင်းကို ဇန်နဝါရီ ၁၂ ရက်မှာ ထုတ်ပြန်ခဲ့တာပါ’’ ဟု ၎င်းတာဝန်ရှိသူက ပြောသည်။

အာရှဖလား အမျိုးသမီးပြိုင်ပွဲ အုပ်စုခွဲဝေထားမှုအရ အုပ်စု (က) တွင် အိမ်ရှင်အိန္ဒိယ၊ တရုတ်၊ တရုတ်တိုင်ပေ၊ အီရန်၊ အုပ်စု(ခ) တွင် သြစတြေးလျ၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အုပ်စု (ဂ) တွင် ဂျပန်၊ တောင်ကိုရီးယား၊ ဗီယက်နမ်နှင့် မြန်မာအသင်းတို့ ပါဝင်ကြောင်း သိရသည်။ (Xinhua)