Connect with us

Culture & Entertainment

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံဒေသရှိနေရာ ငါး ခုတွင် အထိမ်းအမှတ် ကျောက်စာတိုင်များ စိုက်ထူသွားရန်ရှိ

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၏ နေဝင်ချိန်အလှအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ပုဂံဒေသ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ နေရာငါးခုတွင် အထိမ်းအမှတ် ကျောက်စာတိုင်များ စိုက်ထူသွားရန် မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များကာကွယ်ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ထံ တင်ပြထားကြောင်း သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၊ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက် ပုဂံဌာနခွဲ ၊ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက် က ဆင်ဟွာသို့ပြောကြားသည်။

“ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအနေနဲ့ ၂၀၁၉ ခုနှစ်မှာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့တယ်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်တိုင်း အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းခံထားရတာကို ဒီဒေသကို ခရီးသွားတဲ့သူတွေ သိရှိနိုင်ဖို့အတွက် နိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက်ရော၊ ခရီးသွားတွေကိုစွဲဆောင်မှုတစ်ခုအတွက်ရော ရည်ရွယ်ပြီး ဆောင်ရွက်ဖို့ ပြုလုပ်ရတာပါ’’ ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ အထိမ်းအမှတ်ကျောက်စာတိုင်များ စိုက်ထူရန် ယခင်က နေရာ ၇ ခု အားလျာထားခဲ့ကြောင်း၊ နေရာများပြားခြင်းကြောင့် ခရီးသွားများအတွက် ရှုပ်ထွေးမှုမဖြစ်စေရန် အဓိက ၅ ခုကိုသာ သတ်မှတ်ခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ရွှေစည်းခုံဘုရားအနီး၊ ငါးမျက်နှာဘုရားအနီး (ခေမင်္ဂဘုရားစုရှေ့)၊ သရပါဂိတ်ရှေ့၊ ဓမ္မွံရံကြီးဘုရားအနီးနှင့် မင်းနန်သူရွာရှိ ဆုတောင်းပြည့်အုတ်ကျောင်းအနီးတွင် ကမ္ဘာ့အမွေအနှစ်စာရင်း အထိမ်းအမှတ် ကျောက်စာတိုင်များ စိုက်ထူသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့စိုက်ထူရာတွင် အောက်ခြေခံအုတ်အား ပေအုတ်ဖြင့်ပြုလုပ်၍သဲကျောက်များဖြင့် စိုက်ထူရန် လျာထားကြောင်း သိရသည်။ လက်ရှိတွင် ပုဂံဒေသအနီး မြို့ရွာများတွင် နယ်မကျော်ရမြို့ရွာများရှိကြောင်း၊ ထို့ကြောင့် ပုဂံဒေသသို့ လာရောက်လည်ပတ်သည့် ခရီးသည်များအား အဝင်ပိတ်ထားသည်များရှိကြောင်း၊ မဖြစ်မနေလာပါကလည်း Quarantine ဝင်ရသည့် အတွက်ခရီးသွားဧည့်သည်မရှိကြောင်း၊ ဘုရားများလည်း ပိတ်ထားကြောင်း ၎င်းကဆိုသည်။ ပုဂံယဉ်ကျေးမှုဒေသသည် မြန်မာနိုင်ငံ၌ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သည့် ဒုတိယမြောက် နေရာဖြစ်ကြောင်း၊ ပုဂံယဉ်ကျေးမှုဒေသအား ၂၀၁၉ခုနှစ် ဇူလိုင် ၆ ရက်တွင် ကမ္ဘာ့အမွေနှစ်စာရင်းဝင်ဒေသအဖြစ် သတ်မှတ်ခံခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.