Culture & Entertainment
မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးကော်မတီအစည်းအဝေး ကျင်းပမည်

ရန်ကုန် ၊ အောက်တိုဘာ ၉ ရက်(ဆင်ဟွာ)
၅၃ ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးကော်မတီအစည်းအဝေး53rd Meeting of ASEAN Committee on Culture and Information (53rd ASEAN-COCI Meeting)ကို မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံပြီး နေပြည်တော်၌ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာ ၁၂ ရက်မှ ၁၆ ရက်အထိ ကျင်းပ သွားမည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။
ယင်းအစည်းအဝေးကျင်းပခြင်းအားဖြင့် ယဉ်ကျေးမှုနှင့် ပြန်ကြားရေးကဏ္ဍ အောက်ရှိ လုပ်ငန်း ဆောင်ရွက်မှု များ ဖြစ်သော အာဆီယံဆိုင်ရာ ရင်းနှီးကျွမ်းဝင်မှုကို မြှင့်တင်နိုင်ရန် ရည်ရွယ်သည့် ပူးပေါင်းဆောင်ရွက်ရေးနှင့် ဆက်သွယ်ရေးဆိုင်ရာ စီမံကိန်းများကိုအကောင်အထည်ဖော် ဆောင်ရွက်လာနိုင်ခြင်း နှင့် အာဆီယံအပေါ် အပြု သဘောဆောင်သည့် အတွေးအမြင်ရှိရေး၊ ယဉ်ကျေးမှု၊ အနုပညာပြပွဲများအား တိုးမြှင့် ဆောင်ရွက် လာနိုင်ခြင်း စသည့် အကျိုးများ ရရှိ လာနိုင်မည် ဖြစ်ကြောင်း သိရသည်။
ထိုအစည်းအဝေးသည် အာဆီယံပဋိညာဉ်စာချုပ်ပါ မူဘောင်အရ အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် ယဉ်ကျေးမှု နှင့် ပြန်ကြားရေး ကော်မတီအစည်းအဝေးများကို အိမ်ရှင်အဖြစ်လက်ခံပြီး ဥက္ကဋ္ဌတာဝန်ယူကာ အလှည့်ကျ ကျင်းပရသည့် အစည်းအဝေးဖြစ်ကြောင်း ၊ အစည်းအဝေး သို့ အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
အာဆီယံပဋိညာဉ်စာချုပ်ပါမူဘောင်အရ အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေး ကော်မတီအစည်းအဝေးများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများ၌ အိမ်ရှင်အဖြစ်လက်ခံ၍ ဥက္ကဋ္ဌတာဝန်ယူကာ အလှည့်ကျကျင်းပလျက်ရှိရာ မြန်မာနိုင်ငံသည် ၁၉၉၇ခုနှစ်တွင် အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်ပြီးနောက်ပိုင်း အလှည့်ကျရောက်သည့် (၃၅) ကြိမ်မြောက်ASEAN-COCI အစည်းအဝေးကို၂ဝဝဝပြည့်နှစ်တွင် ရန်ကုန်မြို့၌ လည်းကောင်း၊ (၄၃)ကြိမ်မြောက် ASEAN-COCI အစည်းအဝေးကို ၂ဝဝ၈ ခုနှစ်တွင် နေပြည်တော်၌လည်းကောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဥက္ကဋ္ဌတာဝန်ယူ၍ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာလက်ခံ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။(Xinhua)