Education & Health
ပညာရေးစနစ်၏ အပြောင်းအလဲတစ်ခုဖြစ်သည့် KG တန်း ယနေ့စတင်တက်ရောက်ကြပြီ
ရန်ကုန်၊ ဇွန် ၁ ရက် (ဆင်ဟွာ)
ယနေ့ကျောင်းစဖွင့်သည့်နေ့တွင် မြန်မာနိုင်ငံပညာရေးစနစ်အပြောင်းအလဲ၏ အစဖြစ်သည့် KG တန်း ကလေးငယ်များသည် ကဗျာများရွတ်ဆို၊ အရုပ်များဆက်၍ကစား ကာဆရာ/ဆရာမများ နှင့်အတူ ပညာသင်ယူနေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် သူငယ်တန်း သင်ရိုး ညွှန်းတမ်း သစ်ကို ယခုနှစ်ပညာသင်စနစ်ဖြစ်သော၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်မှစ၍ သင်ကြားခြင်းဖြစ်ပြီး၊ အခြား သင်ရိုးညွှန်းတမ်းသစ်များကိုလည်း ပညာ သင်နှစ်များ၏ တန်းစဉ်အလိုက် တစ်နှစ်လျှင်တစ်တန်းစီ ပြောင်းလဲ သင်ကြားပေးသွားမည် ကြောင်း၊ ယခုနှစ် ဇွန်လတွင် စတင်ကျောင်းတက်သည့် ကလေးများသည် KG+12 ပညာရေးစနစ်အားစတင်ပြောင်းလဲခြင်းဖြစ်ကြောင်း ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း (CESR) မှ တာဝန်ရှိသူက ဆင်ဟွာကို ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၊ အလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးတစ်ဦးက “KG အတွက် သင်တန်းတွေ ကြိုပေးခဲ့တယ်။ ကျောင်းအုပ်တွေက နည်းပြသင်တန်းတက်ရတယ်။ ပြီးတော့ KG သင်မယ့်ဆရာ၊ဆရာမတွေကို ပြန်ပို့ချရတယ်။ သင်တန်းတက်တဲ့သူမှ KG သင်လို့ရတာပါ။ အခန်း ၁ ခန်းကို ကျောင်းသားဦးရေ ၃၅ ယောက် ဆရာ၊ ဆရာမ ၂ယောက်ပေးထားတယ်။’’ ဟုပြောသည်။
ရန်ကုန်မြို့ရှိ ကျောင်းတစ်ကျောင်းတွင် KG တန်းတက်ရောက်နေသည့် ကျောင်းသူ/ ကျောင်းသားများ ကစားရင်းသင်ယူနေကြစဉ် (ဆင်ဟွာ)
ရန်ကုန်မြို့ရှိ ကျောင်းတစ်ကျောင်းတွင် KG တန်းတက်ရောက်နေသည့် ကျောင်းသူ/ ကျောင်းသားများ ကစားရင်းသင်ယူနေကြစဉ် (ဆင်ဟွာ)
ရန်ကုန်မြို့ရှိ ကျောင်းတစ်ကျောင်းတွင် KG တန်းတက်ရောက်နေသည့် ကျောင်းသူ/ ကျောင်းသားများ ကစားရင်းသင်ယူနေကြစဉ် (ဆင်ဟွာ)
အဆိုပါ သင်ရိုးအသစ်ပြောင်းလဲဖို့ ပညာရှင်များ အနေဖြင့် လွန်ခဲ့သည့် သုံးလေး နှစ် လောက်ကတည်းက ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ၂၀၁၆ ဇွန်လတွင် စတင်မည့် ကလေးများအတွက် သင်ရိုးပြောင်းဖြစ်ပြီး လက်ရှိ ကျောင်း တက်နေသည့် ကလေးများအတွက် သင်ရိုးပြောင်းလဲမှု မရှိကြောင်းဆိုသည်။
လက်ရှိတွင် ကဗျာရွတ်ဆို၍ အချင်းချင်းနာမည်မိတ်ဆက်ခြင်း ၊ အရုပ်များ ဆက်ခြင်း စသဖြင့် ဆရာ၊ဆရာမများ နှင့် ကျောင်းသူ၊ကျောင်းသားများ ဟန်ချက်ညီစွာသင်ယူလျက်ရှိသည်။
KG တန်းမှ ဆရာမ တစ်ဦးက “အခုက ကဗျာတွေရွတ်နေတယ်။ ပုံပြင်တွေပြောပြနေတယ်။ အောက်တိုဘာနောက်ပိုင်းမှ ကကြီးကိုရေးခိုင်းမယ်။ သင်ထောက်ကူပစ္စည်းတွေကို အစိုးရက ထောက်ပံ့တယ်။’’ ဟုပြောသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မူကြိုတက်သည့် ရာခိုင်နှုန်းသည် ၂၂.၄ ရာခိုင်နှုန်း ရှိသည့်အတွက် မူကြိုတက်သည့် ကလေးငယ်များ နှင့် မူကြိုမတက်သည့် ကလေးငယ်များ နှင့် ယခုKG စနစ်အားပြောင်းလဲလိုက်သည့်အတွက် လိုက်လျောညီထွေဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။
ယခုစာသင်နှစ်တွင် KG မှစတင်ပြီး ၁၀ တန်းအထိ ပညာရေးဝန်ကြီး ဌာနသည် ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်က အခြေခံပညာ မူလတန်း အဆင့်တွင် ကျောင်းသား၊ ကျောင်းသူ ငါးသန်းကျော် အတွက် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံ တို့ကို ပံ့ပိုးကူညီ ပေးခဲ့ပြီး အခြေခံပညာ အလယ်တန်း အဆင့်တွင် ကျောင်းသား၊ ကျောင်းသူ ၂ .၈ သန်းကျော် အတွက် ပုံနှိပ်စာအုပ် များအပြင် မြို့နယ် တစ်ခုလျှင် ကျောင်းသား၊ ကျောင်းသူ သုံးဦးနှုန်း၊ မြို့နယ်ခွဲ တစ်ခုလျှင် ကျောင်းသား၊ ကျောင်းသူ နှစ်ဦးနှုန်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၁၁၅၈ ဦးကို ပညာသင် စရိတ်ပေးအပ် ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
KGတန်းကို စတင်တက်ရောက်ရသည့် သားငယ်တစ်ဦး၏ မိခင်ဒေါ်အေးသီက “ KG စနစ်ပြောင်းတာ သဘောကျတယ်။ ပညာရေးစနစ်က ပြောင်းလဲသင့်နေပြီလေ။ အဲ့လိုပြောင်းလဲတဲ့အတွက် ဒီကလေးတွေ အထက်အတန်းပြီးတဲ့အချိန်ဆိုရင် ပြောင်းလဲမှုသိသာသွားပြီလို့ထင်ပါတယ်’’ ဟုပြောသည်။
Kg ပြီးတာနှင့် Grade 1 လာမည်ဖြစ်ကြောင်း သိရသည်။ Kg တန်းအနေဖြင့် စာမေးပွဲလုံးဝမရှိကြောင်း၊ ကစားချိန်၊ ကဗျာရွတ်ချိန်စသဖြင့် သူ့အချိန်ဖြင့် သူသင်ယူလျက်သည်။ မိမိအကြောင်း ၊တို့မိသားစု၊ တို့ကျောင်း၊ တို့ရပ်ရွာ၊ အပင်များ၊ ရာသီဥတု၊ သယ်ယူပို့ဆောင်ရေး၊ ဈေးများ၊ ပွဲတော်များ၊ ငါး၊ ရေ၊ ပိုးကောင်လေးများ၊ အိမ်များ ၊ ငှက်၊ နို့တိုက်သတ္တဝါ စသည့် ခေါင်းစဉ် ၁၅ ခုအား သူ့အချိန်စာရင်းများအလိုက် ကလေးများကိုယ်တိုင် ပါဝင်မည့် သင်ယူသည့်စနစ်အားကျင့်သုံး၍ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)