Environment, Disasters & Accidents
တပ်မတော် သယ်ယူပို့ဆောင်ရေး လေယာဉ် မတော်တဆမှုအပေါ် ဝမ်းနည်း ကြေကွဲကြောင်း နိုင်ငံတော် သမ္မတရုံး ထုတ်ပြန်
ရန်ကုန် ၊ ဇွန် ၈ ရက်(ဆင်ဟွာ)
တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ် မတော်တဆမှု ဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူများနှင့် ပျောက်ဆုံးနေသူများ၏ မိသားစုများ၊ ဆွေမျိုးများ၊ မိတ်ဆွေသူငယ်ချင်းများနှင့် ထပ်တူထပ်မျှ ပူပန် ဝမ်းနည်း ကြေကွဲရကြောင်း နိုင်ငံတော် သမ္မတရုံးမှ ယနေ့ဇွန် ၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ထို့အတူ ရှာဖွေကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့မှုများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။
တပ်မတော်သယ်ယူပို့ဆောင်ရေး လေယာဉ် (Y- 8 – 200 F အမျိုးအစား၊ လေယာဉ် အမှတ်- ၅၈၂၀) သည် အဆက်အသွယ်ပြတ်တောက်ပြီးနောက် ဇွန် ၇ ရက် မွန်းလွဲ ၂ နာရီမှ စတင်၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို တပ်မတော်မှ စစ်ရေယာဉ် များ၊ လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့်လည်းကောင်း၊ မြေပြင်တပ် များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
တပ်မတော်သားများနှင့် မိသားစုများအတွက် သက်သာချောင်ချိရေး ပို့ဆောင်ကြိုဆိုသော တပ်မတော် သယ်ယူ ပို့ဆောင်ရေး လေယာဉ် (Y- 8 – 200 F အမျိုးအစား၊ လေယာဉ် အမှတ်- ၅၈၂၀) သည် စစ်သည်/ မိသားစု ၁၀၈ ဦး၊ လေယာဉ်အမှုထမ်း ၁၄ ဦး နှင့် ကုန်တန်ချိန် ၂.၄ တန်ခန့် သယ်ဆောင်လာခဲ့ပြီး ဇွန် ၇ ရက် မွန်းလွဲ ၁ နာရီ ၃၅ မိနစ် အချိန်တွင် ထားဝယ်မြို့၏ အနောက် တောင်ဘက် ၄၃ မိုင်ခန့်အရောက်၌ ထားဝယ်လေဆိပ်နှင့် အဆက်အသွယ်ရရှိပြီး နောက်ပိုင်း ဆက်သွယ်မှု ပြတ်တောက်သွားခဲ့သည်။(Xinhua)