Connect with us

Environment, Disasters & Accidents

ဖားကန့်၌ စွန့်ပစ် မြေစာပုံများကို မှော်ရန်နှင့် ရေကြည် ချိုင့်ဝှမ်းများတွင်သာ စွန့်ပစ်ရန် သဘောတူညီမှု ရရှိ

ဖားကန့်မြို့နယ်အတွင်း စွန့်ပစ်မြေစာပုံ များကို တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် ဖားကန်ဒေသ၌ စွန့်ပစ် မြေစာပုံများကို မှော်ရန် ရပ်ကွက်ရှိ မှော်ရန်နှင့် ရေကြည်အနီးရှိ ချိုင့်ဝှမ်းများတွင် စွန့်ပစ်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း ကချင်လူမှု ကွန်ရက်အဖွဲ့ထံမှ စုံစမ်း သိရှိရသည်။

စွန့်ပစ်မြေစာများကို ယခင် စွန့်ပစ်ခဲ့ကြသည့် ရွာဟောင်းစုပေါင်း မြေစာပုံနေရာ၌ မစွန့်ပစ်တော့ဘဲ ဝှေခါချောင်းနှင့် မနီးသော မှော်ရှန် ရပ်ကွက် မှော်ရှန်နှင့် ရေကြည်ဘက် သို့ သွားရောက်သည့် ချိုင့်ဝှမ်းများ တွင်သာ စွန့်ပစ်ကြရန် ကချင်လူမှု ကွန်ရက်အဖွဲ့နှင့် မြို့နယ်တာဝန်ရှိသူ များ၊ ရပ်မိရပ်ဖများ ဖေဖော်ဝါရီလ ၁၈ ရက်နေ့၌ တတိယအကြိမ် တွေ့ဆုံပွဲတွင် သဘောတူညီမှု ရရှိခဲ့သည်။

မြေစာပစ်လမ်း ပိတ်ဆို့မှုနှင့် ပတ်သက်၍ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးကျော်လင်း၊ ကျောက်စိမ်းတူးဖော် ရေးဌာန လက်ထောက် ညွှန်ကြား ရေးမှူး ဦးသန်းထွန်း၊ မြို့နယ် ဥပဒေအရာရှိ ဦးတူးခေါင်၊ မြို့နယ် အထောက်အကူပြု ကော်မတီအဖွဲ့ဝင် ဦးနော်ဆန့်၊ ပဋိပက္ခ ညှိနှိုင်းရေး အဖွဲ့မှ ဦးအင်ဆွဲစိန်ဂီ၊ ဦးလဆိုင်း၊ ဘဇံ ချောက်ကျေးရွာ ကျောက်မျက် ကုမ္ပဏီ ၁၂ ခုမှ တာဝန်ရှိသူများနှင့် ကချင် လူမှု ကွန်ရက်အဖွဲ့ ကျေးရွာနေ ပြည်သူများတွေ့ဆုံကာ မြေစာပစ် လမ်း ပိတ်ဆို့ တားဆီးထားသည့် ကိစ္စ နှင့် ပတ်သက်၍ တတိယအကြိမ် ညှိနှိုင်းခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ညှိနှိုင်းခဲ့ရာ ဝှေခါချောင်း အကျယ် ၁ဝ ပေ၊ အောက်ခြေ ပေ ၄ဝ နှင့် အနက် ၁၅ ပေကို အခြားဧရိယာ များ မထိခိုက်စေရေး၊ မူလချောင်း နယ်နိမိတ်အတိုင်း တူးဖော်ဆယ်ယူပြီး စုပေါင်းမြေစာပုံသို့ သယ်ထုတ်ပေး ရန်နှင့် ဝှေခါချောင်း ကမ်းနား တစ်လျှောက် မြေသားပေါင်များ ပြုလုပ် ဆောင်ရွက်ပေးရေးကိုပါ ညှိနှိုင်းကြသည်။

ရွာဟောင်း စုပေါင်း မြေစာပုံ သုံးနေရာ မြေစာလျော့ခြင်း ဆောင်ရွက်ရာတွင် လှေကားထစ်များကို အမြင့်ပေ ၂ဝ၊ လျှောစောက် ၄၅ ဒီဂရီ တိမ်းစောင်းကာ အကျယ် ပေ ၅ဝ ခန့် လှေကားထစ်များ ပြုလုပ်၍ မြေစာပုံ အောက်ခြေတွင် အလွန်ခိုင်ခံ့ သော သံကူ ကွန်ကရစ် ကျောက်ရိုးစီ ပေးခြင်းကို ကျွမ်းကျင် ပညာရှင်များ ဖြင့် ညှိနှိုင်း ဆောင်ရွက်ပေးရန်နှင့် တောင်းဆို ညှိနှိုင်းထားသည့် လုပ်ငန်းများကို တိကျစွာ ဆောင်ရွက်ပေးရေး အတွက် ကျေးရွာသူ ကျေးရွာသားများ ပါဝင်သည့် လုပ်ငန်း ကြီးကြပ်မှု ကော်မတီ ဖွဲ့စည်းပေးရန်တို့ကို ညှိနှိုင်း အောင်မြင်ခဲ့သည်။

ယင်း ညှိနှိုင်းထားသော လုပ်ငန်းစဉ်များ အမြန်ဆုံး စတင်မည်ဖြစ်ပြီး လုပ်ငန်းများကို နံနက် ၆ နာရီမှ ညနေ ၃ နာရီအထိ အကောင်အထည် ဖော်ဆောင်ရွက်ကြရမည် ဖြစ်ကာ ကုမ္ပဏီမှ မြေသယ် ယာဉ်များကို ညနေ ၃ နာရီမှ ည ၁၂ နာရီအထိကို ၎င်းတို့ပိုင် လုပ်ငန်းများ ကို ဆက်လက် ဆောင်ရွက်ရန် အတွက် ညှိနှိုင်း သဘောတူခဲ့ကြသည်။ (Xinhua)