Environment, Disasters & Accidents
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိ
ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)
ဘင်္ဂလားပင်လယ်အော်တွင် ယနေ့မြန်မာစံတော်ချိန် (၀၆း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ကပ္ပလီပင်လယ်ပြင် တောင်ပိုင်း နှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဆက်လက် တည်ရှိနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် (၂၄)နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကြောင်း သိရသည်။
ယနေ့ နံနက် (၀၆း၃၀)နာရီအချိန်တိုင်းထွာချက်များအရ
တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးရွာခဲ့ကြောင်း၊ မှတ်သားဖွယ်ရာမိုးရေချိန်မှာ ကော့သောင်းမြို့၌ (ဝ.၅၁)လက်မဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နံနက်ပိုင်း၌ မြူထူများ ဆိုင်းခဲ့ကြောင်း၊ ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် (၃)ဒီဂရီစင်တီဂရိတ်၊ ပူတာအိုမြို့တွင် (၇)ဒီဂရီစင်တီဂရိတ်တို့ ဖြစ်ခဲ့ကြောင်း သိရသည်။ (Xinhua)