Environment, Disasters & Accidents
ဂေဟစနစ် တည်တံ့ခိုင်မြဲမှ နိုင်ငံတော် ရေရှည် ဖွံ့ဖြိုးတိုးတက်နိုင်မည်ဟု ဒုတိယ သမ္မတ ဆို
နေပြည်တော်၊ မတ် ၃ ရက် (ဆင်ဟွာ)
သဘာ၀ ဂေဟစနစ်များ တည်တံ့ခိုင်မြဲရေးကို ဆောင်ရွက်နိုင်သည်နှင့်အမျှ နိုင်ငံတော်၏ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း နိုင်ငံတော် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေက ယနေ့နံနက်တွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၌ကျင်းပသော နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံ အုပ်ချုပ် လုပ်ကိုင်မှု ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေး ခန်းမတွင်ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံရဲ့ ကြွယ်ဝတဲ့ သဘာ၀ သယံဇာတများကို အခြေခံပြီး ပြည်သူတို့ရဲ့ စားနပ်ရိက္ခာ ဖူလုံဖို့၊ လူမှုစီးပွား ဖွ့ဖြိုး တိုးတက်ဖို့၊ ဆင်းရဲနွမ်းပါးမှု လျှော့ချဖို့၊ သဘာ၀ ဘေးအန္တရာယ် ကျရောက်မှု ဒဏ်ကို ကျော်လွှားနိုင်ဖို့နဲ့ သဘာ၀ ဂေဟစနစ်များ တည်တံ့ခိုင်မြဲဖို့တို့ကို ဆောင်ရွက်နိုင်မယ်ဆိုရင် နိုင်ငံရဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ပြုနိုင်မှာ ဖြစ်ပါတယ်” ဟူ၍ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ် လုပ်ကိုင်မှု ဗဟိုကော်မတီ ဥက္ကဌလည်း ဖြစ်သည့် ဒုတိယ သမ္မတ ဦးမြင့်ဆွေက အစည်းအဝေး အဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံ အုပ်ချုပ် လုပ်ကိုင်မှု ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေး ကျင်းပနေစဉ်(ဆင်ဟွာ)
“မြန်မာ့ ပင်လယ် ကမ်းရိုးတန်းဒေသမှာ ဒီရေတော ဂေဟစနစ်၊ သန္တာကျောက်တန်း ဂေဟ စနစ်၊ ပင်လယ်မြက်ခင်း ဂေဟစနစ်များကို တွေ့ရပြီး အဲဒီ ဂေဟစနစ်တွေက ကမ်းရိုးတန်းနေ ပြည်သူများနဲ့ နိုင်ငံအတွက် ရေထွက်ကုန်စည်တွေ အပြင် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှု အမျိုးမျိုးကို ပေးအပ်နေပါတယ်၊ ကမ်းရိုးတန်း ဂေဟစနစ်များဟာ ငါး၊ ပုဇွန်များ အပါအဝင် ရေနေသတ္တဝါ အမျိုးမျိုး ရှင်သန်ကျက်စား နေထိုင်ရာဒေသ ဖြစ်ရုံသာမက မုန်တိုင်းတွေ ဆူနာမီရေလှိုင်းတွေရဲ့ အန္တရာယ်တွေမှ လျော့နည်းစေဖို့လည်း ကာကွယ်ပေးပါတယ်၊ မြေပေါ် မြေအောက် ရေချို အရင်းအမြစ်များအတွင်းသို့ ရေငန် ဝင်ရောက်ခြင်းနဲ့မြစ်၀ ကျွန်းပေါ်ဒေသ ရှိ မြစ်ချောင်းကမ်းပါးများ ရေတိုက်စားခြင်း၊ ကမ်းပြိုခြင်း အန္တရာယ်မှလည်း ကာကွယ်ပေးပါ တယ်၊ ဒါကြောင့် ပင်လယ်ကမ်းရိုးတန်းဒေသများကို စနစ်တကျ စီမံ အုပ်ချုပ် လုပ်ကိုင်နိုင်ခြင်း ဟာ နိုင်ငံရဲ့ စားနပ်ရိက္ခာ ဖူလုံရေး၊ ပြည်သူတို့ရဲ့ လူမှု စီးပွား ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ရေးတို့ကို အထောက်အကူ ပြုနိုင်မှာ ဖြစ်ပါတယ်” ဟု၎င်းက ပြောခဲ့သည်။
လက်ရှိအခြေအနေတွင် မြန်မာ့ ကမ်းရိုးတန်း ဒေသ သယံဇာတ ရင်းမြစ်များသည် အကြောင်း အမျိုးမျိုးကြောင့် လျင်မြန်စွာ ယိုယွင်း ပျက်စီးလာသည်ကိုတွေ့ရကြောင်း လူဦးရေတိုးပွားလာ သည် နှင့် အမျှ ရေတို အကျိုးစီးပွားအတွက် သယံဇာတများ မဆင်မခြင် ထုတ်ယူ အသုံးပြု ခြင်း၊ ဂေဟစနစ်များမှ ရရှိသည့် လူမှုစီးပွားနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တန်ဖိုးများကို သိ နားလည်မှု အားနည်းခြင်း၊ ပင်လယ်ကမ်းရိုးတန်းဒေသ သယံဇာတများ စီမံ အုပ်ချုပ် လုပ်ကိုင် မှုနှင့် ဆိုင်သည့် မူဝါဒများ ချမှတ်မှု အားနည်းခြင်း၊ စီမံကိန်း ရေးဆွဲခြင်းနှင့် အကောင်အထည် ဖော်ခြင်း လုပ်ငန်းများတွင် အစိုးရဌာန အချင်းချင်း ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်မှု အားနည်း ခြင်း၊ ပြဌာန်ထားသည့် ဥပဒေ လုပ်ထုံး လုပ်နည်းများ၏ အကျိုးသက်ရောက်မှု အားနည်းခြင်း၊ သဘာ၀ ဘေးအန္တရာယ်များ ကျရောက်ခြင်းတို့သည် ကမ်းရိုးတန်း ဒေသ သယံဇာတများ ပျက်စီး ပြုန်းတီစေးသည့် အကြောင်းရင်းများ ဖြစ်ကြောင်း၊ ထိုသို့ ပျက်စီး ပြုန်းတီးမှုများသည် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များကိုသာမက နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုး တိုးတက်မှု ကိုပါ ထိခိုက်စေနိုင်ကြောင်း၊ မိမိတို့အနေဖြင့် ထိုပျက်စီး ယိုယွင်းမှုများကို ဖြေရှင်းရန် လက်ရှိ စီမံ အုပ်ချုပ်မှု ပုံစံဖြင့် ဆက်သွား၍ မရတောသဖြင့် ယခုကဲ့သို့ကော်မတီဖွဲ့စည်းပြီး ဆောင် ရွက် ကြရခြင်း ဖြစ်ကြောင်း ဒုတိယ သမ္မတ (၁)က ပြောကြားသည်။
မြန်မာ့ဒီရေတောသည် ဘင်္ဂလားပင်လယ်အော် အဏ္ဏဝါဂေဟ စနစ်ကြီး၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ၁၇၅၀ မိုင် ရှည်လျားကာ ကမ်းဦးရေတိမ်ပိုင်းဒေသ ဧရိယာ အကျယ်အဝန်းမှာ ၈၈၈၀၀ စတုရန်းမိုင် ရှိကြောင်း၊ ဒီရေတော ဧကမှာ ၁ ဒသမ ၂၄ သန်း ရှိပြီး ကမ္ဘာပေါ်တွင် သတ္တမ မြောက် ဒီရေတော ဧရိယာ အများဆုံးနိုင်ငံဖြစ်ကြောင်း၊ သန္တာကျောက်တန်းဧရိယာ ၄၆၂၀၀၀ ဧကရှိပြီး သန္တာ မျိုးစိတ်ပေါင်း ၅၁၂ မျိုး ရှိကာ ထိုင်းနိုင်ငံတွင် တွေ့ရသည်ထက် နှစ်ဆခန့်ပိုမို များပြားကြောင်း၊မြိတ်ကျွန်းစုရှိ ပလေရိကျွန်းတွင် ၁၀၄ မျိုးဖြင့် အများဆုံးတွေ့ရှိထားကြောင်း နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံ အုပ်ချုပ် လုပ်ကိုင်မှု ဗဟိုကော်မတီ တွဲဖက် အတွင်းရေးမှူး (၁)၊ သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညီညီကျော်က ရှင်းလင်း တင်ပြခဲ့သည်။
အဆိုပါ ဗဟိုကော်မတီသည် ကမ်းရိုးတန်း စီမံအုပ်ချုပ်လုပ်ကိုင်မှုနှင့် သက်ဆိုင်သည့် အစိုးရ ဌာန၊ အဖွဲ့အစည်း ဆယ်ခု၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အပါအဝင် အစိုးရ မဟုတ်သော ပြည်တွင်း အဖွဲ့အစည်း ၂၂ ခု၊ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့ကိုးခု၊ UN အပါအဝင် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ကိုးခုတို့ဖြင့် ပူးပေါင်း ဆောင်ရွက် သွား မည်ဟုလည်း ဗဟိုကော်မတီ တွဲဖက် အတွင်းရေးမှူး (၁)က ရှင်းလင်း ပြေကြားခဲ့သည်။ (Xinhua)