Environment, Disasters & Accidents
စက်တင်ဘာလ ဒုတိယ ၁၀ ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း(၁)ကြိမ်ဖြစ်ပေါ်နိုင်
ရန်ကုန်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
စက်တင်ဘာလ ဒုတိယ ၁၀ ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း(၁)ကြိမ်ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိနိုင်ကြောင်း ၂၀၁၇ခုနှစ်၊ စက်တင်ဘာလ၊ ဒုတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်အား မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
အနောက်တောင်မုတ်သုံလေသည် ၂၀၁၇ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်မှ ၂၀ရက်အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများမှ ဆုတ်ခွာသွားနိုင်ကြောင်း သိရသည်။
စက်တင်ဘာလ၊ ဒုတိယ(၁၀)ရက်ပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း) တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက်လျော့ကာ၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့်တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၇)ရက်မှ (၉)ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် (၄)ရက်မှ (၆)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလ ၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)