Environment, Disasters & Accidents
ဖားကန့်တွင် လုပ်ကွက် ကမ်းပါးပြိုကျ၍ မြေစာပုံပိပြီး သေဆုံးခဲ့သည့် ၁၃ ဦးအား ထောက်ပံ့ကြေးများ ပေးအပ်
ရန်ကုန် ၊ မေ ၇ ရက် (ဆင်ဟွာ)
ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်၌ မြေစာပုံပိ၍ သေဆုံးခဲ့သူ ၁၃ ဦး၏ မိသားစုများအား ကူညီ ထောက်ပံ့နိုင်ရေးအတွက် ထောက်ပံ့ကြေးများအား ယနေ့မေ ၇ ရက်တွင် ခရိုင် ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဘဇာန်ချောက်ကျေးရွာအနီး ကျောက်စိမ်းတူးဖော်သည့် တစ်သုံးလုံး ကုမ္ပဏီ လုပ်ကွက် ဧရိယာဝင်းအတွင်းရှိ ကမ်းပါးပြိုကျရာ မြေစာပိ၍ လူ ၁၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဖားကန့်မြို့နယ် ရဲစခန်းမှ သိရသည်။
“တစ်သုံးလုံး ကုမ္ပဏီ လုပ်ကွက်ထဲမှာ ရှိတဲ့ မြေစာပုံမှာ ရေမဆေးကျောက် ဝင်ရှာကြရင်းနဲ့မေလ ၅ ရက်နေ့ညက ပြိုကျခဲ့တာပါ။အခု နောက်ဆုံး သေဆုံးတဲ့သူက ၁၃ ဦးရှိပါတယ်။သေဆုံးသွားတဲ့သူ အများစုက မှော်ရှန် ကျေးရွာကပါ။”ဟု ဖားကန့်မြို့နယ် ရဲစခန်းက တာဝန်ရှိသူတစ်ဦးက ယနေ့ဆင်ဟွာသို့ပြောသည်။
တစ်သုံးလုံး ကုမ္ပဏီလုပ်ကွက် ဧရိယာဝင်းအတွင်းရှိ လုပ်ကွက်အတွင်း တူးဖော်လျက်ရှိသည့် အမြင့်ပေ ၅ဝ၊ အကျယ် ပေ ၂ဝဝ ခန့် လုပ်ကွက်ကမ်းပါးမှ အလျား ပေ ၈ဝ၊ အနံပေ ၈ဝ ခန့်ရှိ မြေစာထုသည် မေ ၅ ရက် ညပိုင်းအချိန်တွင် ပြိုကျခဲ့ပြီး မြေပြိုကျသည့်နေရာတွင် ရေမဆေးကျောက် ဝင်ရောက်ရှာဖွေသူ ၁၃ ဦး၏ အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ (Xinhua)