Environment, Disasters & Accidents
မိုးကုတ်မြို့တွင် မြေပြိုမှုကြောင့် လူတစ်ဦးသေ၊ ၂ ဦးဒဏ်ရာရရှိ
ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ)
မိုးကုတ်မြို့တွင် ယနေ့ နံနက် (၂) နာရီခန့်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နေအိမ် (၂) လုံးပြိုကျပျက်စီးပြီး လူ (၁) ဦး သေဆုံး၊ (၂) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
မိုးကုတ်မြို့နယ် ဘီးတောင်ရပ်၌ မြေပြိုကာ နေအိမ်တစ်လုံး ပျက်စီးပြီး အမျိုးသမီးကြီးတစ်ဦး သေဆုံးကာ ၎င်း၏ တူတော်စပ်သူ ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အောင်သာယာရပ်ကွက်ရှိ နေအိမ်နောက်မှ ပေ(၃၀) ခန့်မြင့်သော ကမ်းပါးပြိုကျခဲ့၍ အိမ်အလုံးလိုက် အောက်သို့ လျောကျပျက်စီးသွားခဲ့ကြောင်း၊ အဆိုပါ အိမ်ရှိ အမျိုးသားတစ်ဦး ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။
မိုးကုတ်မြို့နယ်သည် မိုးများသည့်ဒေသ ဖြစ်သောကြောင့် ယခုကဲ့သို့ ဖြစ်စဉ်မျိုး မကြာခဏ ကြုံတွေ့ နေရကာ ပြည်သူများအနေဖြင့် မိမိတို့၏ နေအိမ်များအနီးတွင် မြေပြိုကျနိုင်သည့် ကမ်းပါးများ ရှိနေပါက ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန်နှင့် ဖြစ်ပေါ် လာပါက ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များအား အမြန်ဆုံး အကြောင်းကြားရန် သက်ဆိုင်ရာက ညွှန်ကြားထားသည်။(Xinhua)