Environment, Disasters & Accidents
မုန်တိုင်းငယ် အရှိန်ကြောင့် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် နှင့် နေရာကွက်၍ မိုးကြီးခြင်း များနှင့်အတူ လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်
ရန်ကုန် ၊ သြဂုတ် ၆ ရက်(ဆင်ဟွာ)
မုန်တိုင်းငယ် အရှိန်ကြောင့် နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ၁၂ ခုတွင် နေရာ အနှံ့အပြား မိုးထစ်ချုန်း ရွာပြီး ဒေသအလိုက် နှင့် နေရာကွက်၍ မိုးကြီးခြင်း များနှင့်အတူ လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ မုန်တိုင်းငယ် သတင်း သတိပေး နှိုးဆော်ထားကြောင်း သိရသည်။
မုန်တိုင်းငယ်၏ အရှိန်ကြောင့် ယင်းအခြေအနေများ ဖြစ်ပေါ်နိုင်သည့် တိုင်းဒေသကြီး/ ပြည်နယ်များမှာ နေပြည်တော် ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ မန္တလေး တိုင်းဒေသကြီး ၊ မကွေး တိုင်းဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး ၊ ချင်းပြည်နယ် ၊ ရခိုင်ပြည်နယ် ၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့ ဖြစ်ကြောင်း သိရသည်။
ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ယနေ့ မြန်မာစံတော်ချိန် ၁၃:၃၀ နာရီ အချိန် တိုင်းထွာချက်များ အရ ဘင်္ဂလား ပင်လယ်အော် အနောက် မြောက်ပိုင်းသို့ ရွေ့လျားခဲ့ပြီး ၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression) အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၁/၂၀၁၉) ထုတ်ပြန်မှု အရ သိရသည်။
မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း သိရသည်။
ယင်းမုန်တိုင်းငယ်(Depression)သည် နောက် ၂၄ နာရီ အတွင်း အားကောင်းသော မုန်တိုင်းငယ်(Deep Depression) အဖြစ်သို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရကြောင်း သိရသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည် ဖြစ်ကြောင်း ၊ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်ကြောင်း ၊ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀)ပေ မှ (၁၅)ပေခန့် ရှိနိုင်ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်ခြင်းနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် လျှပ်တစ်ပြက် ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြို မှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံ မှုများဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု နေထိုင်ကြရန် အကြံပြုထားကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းငယ် (Depression) သည် အိန္ဒိယနိုင်ငံ၊ ဒီဂါမြို့(Digha)၏ တောင်-အရှေ့တောင်ဘက် မိုင်(၇၀)ခန့်နှင့် ဘလာဆော မြို့ (Blasore)၏ အရှေ့တောင်ဘက် (၈၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။(Xinhua)