Environment, Disasters & Accidents
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ စဉ့်အိုးတန်း-ကမာကဆစ် စက်သမ္ဗန်နှင့် ကုန်သင်္ဘောတိုက်မိ၊ စက်လှေပေါ်ပါသူများ ကယ်ဆယ်နိုင်
ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ စဉ့်အိုးတန်း-ကမာကဆစ် စက်သမ္ဗန်နှင့် ကုန်သင်္ဘောတိုက်မိ၊ စက်လှေပေါ်ပါသူများ ကယ်ဆယ်နိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ စဉ့်အိုးတန်းဆိပ်ကမ်းနှင့် ဒလ ဘက်ကမ်းရှိ ကမာကဆစ်ဆိပ်သို့ ပြေးဆွဲနေ သော စက်လှေတစ်စင်းမှာ စက်တင်ဘာ ၂၆ ရက် ညနေ ၅ နာရီက ခရီးသည် ၁၂ ဦးနှင့် ကလေးသုံးဦးကို တင်ဆောင်၍ ဆိပ်ကမ်းမှ ထွက်ခွာစဉ် အနီးရှိ စဉ့်အိုးတန်း အမှတ်(၁)ဗောတံတားမှ ကုန်တင်ရေယာဉ် ဦးပိုင်းနှင့် တိုက်မိရာ ခရီးသည်အချို့ ရေထဲသို့ ခုန်ချ ထွက်ပြေးခဲ့ပြီး အမျိုးသမီးနှင့် ကလေးများကို အချိန်မီကယ်ဆယ်နိုင်ခဲ့ကာ စက်သမ္ဗန်မောင်းသူ မှာ ဦးစွာ ခုန်ချသွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
စဉ့်အိုးတန်း အမှတ်(၁) ဗောတံတားနှင့် အမှတ်(၂) ဗောတံတားကြားတွင် ဒလဘက် ကမ်းရှိ ကမာကသွယ်၊ စက်မြေနှင့် ကမာကဆစ် သို့ ပြေးဆွဲနေသော စက်လှေဂိတ် သုံးခုရှိပြီး ရန်ကုန်ဘက်ကမ်းသို့ သွားလာကြသည့် ခရီး သည်အများဆုံး စီးနင်းသော စက်လှေဂိတ်များ လည်းဖြစ်ကာ နှစ်ဆန်းပိုင်းတွင်လည်း စက်လှေ စက်ရပ်၍ မျောပါစဉ် ဆိပ်ခံတစ်ခုနှင့် တိုက်မိကာ ခရီးသည်အချို့ သေဆုံးမှုဖြစ်ပွားခဲ့ပြီး ယခုအကြိမ် တွင် ဆိပ်ကမ်းနှင့်ကပ်လျက် ဆိပ်ခံဗောတွင် ဖြစ်ပွားခဲ့၍ ခရီးသည်များကို အချိန်မီကယ်ဆယ် နိုင်ခဲ့ကြောင်းနှင့် လေးနှစ်အရွယ် ယောကျ်ားလေး နှစ်ဦးနှင့် သုံးနှစ်အရွယ် မိန်းကလေး တစ်ဦးတို့ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်မှ ဝါးခယ်မသို့ ကုန်ပစ္စည်းများ ပို့ဆောင်သော ကုန်သင်္ဘောပိုင်ရှင်၊ ရတနာသိင်္ယရေယာဉ်အုပ် နှင့် စက်သမ္ဗန်မောင်းနှင်သူတို့ကို ဆိပ်ကမ်းမြို့ နယ်ရဲစခန်းမှ စစ်ဆေးမေးမြန်းလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)