Environment, Disasters & Accidents
လှည်းကူးမြို့နယ်၌ ဗုံးသီးဟောင်းပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦးသေဆုံးမှု
ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ ဗုံးသီးဟောင်းပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦးသေဆုံးမှုဖြစ်ပွားခဲ့ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ်၊ မေလ ၉ ရက်နေ့ ၁၆း၁၅ နာရီ အချိန် လှည်းကူးမြို့နယ်၊ ကြို့ကုန်းတောင်ကျေးရွာတွင် ဗုံးပေါက်ကွဲမှုကြောင့် လူ ၁ ဦးသေဆုံးကြောင်း သတင်းအရ ဖောင်ကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ ဦးအေးသွင်(၅၁)နှစ်သည် ၎င်းနေအိမ်ရှေ့ပေ ၂၀ ခန့်အကွာ ဝင်ပေါက်အနီး၌ ဦးနှောက်ပွင့်ထွက်၊ ဦးခေါင်းကြေမွ၊ ယာတံတောင်ဆစ်ပြုတ်ထွက်၊ ဝဲလက်ကောက်ဝတ်ပြတ်ထွက်၊ ရင်ဘတ်စုတ်ပြဲ၊ ဝဲ/ယာခြေထောက်ဒူးအောက်ပိုင်းပြတ် ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံး နေသည်ကိုတွေ့ရှိရပြီး စစ်ဆေးချက်များအရ ဦးအေးသွင်သည် ရေခဲထုတ်ရောင်းခြင်း၊ သံတိုသံစများ အား ရေခဲထုတ်ဖြင့် လဲလှယ်ခြင်း၊ သံတိုသံစများကောက်ခြင်းတို့ လုပ်ကိုင်စားသောက်နေသူ ၁ ဦး ဖြစ် ကာ ၁၄၀၀ အချိန်တွင် ၎င်းယူဆောင်လာသော သံတိုသံစများအား ခွာနေသည်ကို အိမ်နီးချင်းနေ ဒေါ်အုန်းညွန့် (၆၀)နှစ်မှ မြင်တွေ့သဖြင့် ဦးအေးသွင်ထံလာနေစဉ် ခွာနေသောသံထည်ပစ္စည်းမှ မီးခိုး များ ထွက်လာသည် ကို တွေ့ရှိသောကြောင့် နောက်ပြန်ပြေးသွားစဉ် “ဝုန်း” ဟူသောအသံ အားကြားရပြီး ၎င်း၏ယာပေါင်တွင် ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့၍ သေဆုံးသူ ဦးအေးသွင်နှင့် ဒဏ်ရာရရှိသူ ဒေါ်အုန်းညွန့်တို့အား ဖောင်ကြီးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ၂၀၀၅ အချိန်တွင် ဖောင်ကြီး နယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၈/၂၀၁၈)ဖြင့် ရေးဖွင့်စစ်ဆေး လျက်ရှိကြောင်းနှင့် အခင်းဖြစ် နေရာအား အင်းတိုင်တပ်နယ်မှူး ဗိုလ်မှူးကြီး သန်းနိုင်ဝင်း ဦးစီးအဖွဲ့၊ စအရ (၉၀၅)မှ ဗိုလ်ကြီး ထက်ဝေဦး ဦးစီးအဖွဲ့၊ မနရမှူး(လှည်းကူးမြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး သောင်းငွေ ဦးစီးပူးပေါင်းအဖွဲ့မှ အသေးစိတ်စစ်ဆေးရှာဖွေခဲ့ရာ ဦးအေးသွင် ၏နေအိမ်ရှေ့ သံတိုသံစအဟောင်းပုံအတွင်းမှ ၈၄ မမ ဗုံးသီး ၄ လုံး၊ ၈၂ မမဗုံးသီး ၅ လုံး၊ ၇၅ မမဗုံးသီး ၂ လုံး၊ ၆၀ မမ ဗုံးသီး ၁ လုံး၊ ၈၄ မမ ဒုံးကျည် ၂ လုံး၊ အာပီဂျီ ဗုံးသီးအဟောင်း ၇ လုံး၊ စုစုပေါင်း ဗုံးသီး ၂၁ လုံးအား ထပ်မံရှာဖွေတွေ့ရှိခဲ့ပြီး ၂၂၄၀ အချိန် တွင် ရှာဖွေခြင်းအား ရပ်နား၍ မေလ ၁၀ ရက်နေ့ ၀၆၀၀ အချိန် ထပ်မံရှာဖွေလျက်ရှိကြောင်း၊ ၎င်းနေရာအား ဖောင်ကြီးနယ်မြေရဲစခန်းမှ ရဲစခန်းမှူး ရဲအုပ် နေစိုး ဦးစီးအဖွဲ့၊ အင်းတိုင်တပ်နယ်နှင့် စအရ (၉၀၅)မှ တပ်မတော်သားများမှ လုံခြုံရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)