Environment, Disasters & Accidents
အမှိုက်ပုံမီးလောင်မှု ( ၈၀)ရာခိုင်နှုန်း ထိန်းနိုင်ပြီး မထိန်းနိုင်သေးသည့် မီးခိုးကို နည်းပညာသုံး ဆောင်ရွက်မည်
ရန်ကုန်။ ဧပြီ ၂၅ ရက် (ဆင်ဟွာ)
လှိုင်သာယာ ထိန်ပင်အမှိုက်ပုံမီးလောင်မှုအား (၈၀)ရာခိုင်နှုန်းခန့် ထိန်းနိုင်ပြီဖြစ်ပြီး မီးငြိမ်းရေးအပြင် မီးခိုးများပါငြိမ်းသတ်နိုင်ရန် နည်းပညာ(Bio Foam)သုံးကာ ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ(၃)၌ ပြုလုပ်သည့် လှိုင်သာယာ ထိန်ပင်အမှိုက်ပုံမီး အမြန်ငြိမ်းသတ်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့သည်။
“အရေးအကြီးဆုံး လိုအပ်တာက လုံခြုံရေးပိုင်းဆိုင်ရာ ဆောင်ရွက်ဖို့ရယ်၊ ကျန်းမာရေးကိစ္စဝန်ဆောင်မှု ပေးနိုင်ဖို့ရယ်၊ မီးလောင်နေတဲ့ အမှိုက်ပုံကို မီးကူးစက်မှုမရှိစေရေးက ပထမအဆင့်၊ ဒုတိယအဆင့်က အပြီးသတ် မီးငြိမ်းသတ်ရေးနဲ့ မီးခိုးပျောက်သွားဖို့ ဖြစ်ပါတယ်၊ အခုကျနော်တို့ ရောက်နေတဲ့ အဆင့်က မီးမကူးစက်ရေးကိုတော့ ထိန်းနိုင်ပြီ၊ မီးငြိမ်းသတ်ရေးကို( ၈၀)ရာခိုင်နှုန်းလောက် ထိန်းနိုင်ပြီ၊ မထိန်းနိုင်သေးတာ မီးခိုးဖြစ်ပါတယ်၊ မီးခိုးကို နည်းပညာပိုင်းဆိုင်ရာနဲ့ ထပ်ပြီးဆောင်ရွက်နိုင်ဖို့ Bio Foam သုံးမယ်ဆိုတဲ့ အစီအစဉ်ဆောင်ရွက်ထားတယ်၊ အခုမှာယူထားတယ်၊ ဒါက (၃၆) နာရီအတွင်း ရောက်လာနိုင်ဖို့ တွန်းအားပေး ဆောင်ရွက်နေပါတယ်၊ ဒါက မီးငြိမ်းသတ်ရေးနဲ့ မီးခိုးပါအပြီးငြိမ်းသွားနိုင်ဖို့ ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။
လက်ရှိရထားသည့် လေထုအခြေအနေသုံးသပ်မှု သတင်းအချက်အလက်များအရ ပြည်သူများပြောင်းရွှေ့ရန် လိုအပ်ပါက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာပေးရမည်ဖြစ်ပြီး ပြည်သူများကိုရွှေ့ပြောင်းနေထိုင် နိုင်ရန် ပြင်ဆင်ရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။
လှိုင်သာယာမြို့နယ်မှာ စက်မှု ဇုန်များ တည်ရှိနေသည့်အတွက် မလိုလားအပ်သည့်ပြဿနာများ မဖြစ်ပေါ်စေရန် တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့က လုံခြုံရေးတိုးမြှင့်တင်းကျပ်ပြီး
ထိန်းသိမ်းဆောင်ရွက်မည်ကို အသိပေးရမည်ဖြစ်ကြောင်း၊ မီးငြိမ်းသတ်ရေးအပိုင်းတွင် နည်းပညာပိုင်းအနေဖြင့် Bio Foam မဖြန်းနိုင်သေးခင်၊ ပထမတစ်ဆင့် ရေနှင့် လိုအပ်သည့်နေရာ များကို ရောက်နိုင်ရန်အတွက် ဒရုန်း သုံးပြီး စီမံဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“လတ်တလော ဖြစ်နေတဲ့နေရာက ပတ်ဝန်းကျင်မှာ လေထုညစ်ညမ်းသွားတဲ့ အခြေအနေရှိပါတယ်၊ လေထုညစ်ညမ်းသွားတဲ့ အခြေအနေပေါ်မှာ မူတည်ပြီး လေထုညစ်ညမ်းမှုကိစ္စကတော့ လတ်တလောမှာ နိုင်ငံတကာမှာပဲဖြစ်ဖြစ် ကျနော်တို့ဆောင်ရွက်နိုင်တဲ့ နယ်ပယ်ရဲ့အပြင်မှာ ရောက်နေတယ်၊ ဒီအပိုင်းကိုတော့ ကျန်းမာရေးဝန်ဆောင်မှုနဲ့ပဲ ကျားကန်ရမှာ ဖြစ်ပါတယ်၊ ဒီတော့ ဘယ်လိုပုံစံမျိုးနဲ့ နေထိုင်သင့်တယ်ဆိုတာကို ကျန်းမာရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ပေးဖို့လိုပါတယ်၊ ဒီနေရာမှာ နေထိုင်နေတဲ့သူတွေက ဘယ်လိုနေထိုင်မှု ပုံသဏ္ဍာန်နဲ့ နေထိုင်ရမယ်ဆိုတဲ့ အခြေအနေကို အများပြည်သူကို အသိပေးရမှာ ဖြစ်ပါတယ်။ ” ဟုဝန်ကြီးချုပ်က ဆိုသည်။
အဆိုပါ Bio Foam မှာဂျပန်နိုင်ငံနှင့်ပြင်သစ်နိုင်ငံတို့ တွင်အသုံးပြုနေပြီးလက်ရှိတွင် ထိုင်းလင်း နိုင်ငံမှ မှာယူထားကြောင်း၊Bio Form ဂါလံ (၅၀၀၀)ခန့် လိုအပ်သော်လည်းဂါလံ(၁၈၀၀)သာရရှိမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
“ငြိမ်းသတ်တဲ့အပိုင်းမှာလည်း (၂)ပိုင်းပေါ့လေ၊ တစ်ခုက ရေနဲ့ငြိမ်းသတ်ပြီတော့ နောက်ရေနဲ့ Bio Foamနဲ့တွဲပြီးတော့ ငြိမ်းသတ်မယ်ပေါ့၊ ရေကတော့ ကျနော်တို့ Source ကနေ Direct လွှတ်ပြီးတော့ ကန်ထဲကို အမှိုက်တွေစိုသွားအောင် စိုသွားတော့ Gas ထွက်တာ နဲနဲ နည်းသွားအောင်လို့ပေါ့၊ လောင်နေတဲ့အပိုင်းကျတော့ ပြန်ပြီးတော့ အောက်စီဂျင်ကို ဖျက်တဲ့အနေနဲ့ Bio Foam နဲ့ သုံးမှာပါ၊ နောက် ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ လူမှုရေးဝန်ကြီးရယ် ၊တိုင်းကျန်းမာရေးဦးစီးရယ်၊ နောက် YCDC ကျန်းမာရေးဌာနတွေနဲ့ ပေါင်းပြီးတော့ ရက်ကွက်တွေရော ဆေးရုံတွေမှာရော၊ ဆေးရုံကတော့ Stand by ထားပြီးတော့ ရပ်ကွက်တွေမှာတော့ ကျနော်တို့ စောင့်ရှောက်မှုလုပ်ငန်းတွေ လုပ်နေပါတယ်၊ အန ္တရာယ်တော့ တော်တော်များပါတယ်။ တော်တော်လဲ ပင်ပန်းကြပါတယ်၊ ပြည်သူလူထုတွေလည်း ခံစားရမယ်ဆိုတာသိပါတယ်”ဟု မြို့တော်ဝန်က ဆိုသည်။
ထိန်ပင်သုဿန်၏ စည်ပင်သာယာအမှိုက်ပုံအတွင်း အပူချိန်လွန်ကဲမှုကြောင့် ဧပြီ ၂၁ ရက်နေ့ နေ့လည် ၁၂ နာရီ ၄၀အချိန်မှစ၍ အမှိုက်ပုံမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။(Xinhua)