Environment, Disasters & Accidents
ဧရာဝတီမြစ်ရေသည် (၁)ရက်အတွင်း(၅)ပေခွဲခန့် မြင့်တက်ခဲ့
ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)
ဧရာဝတီမြစ်ရေသည် ဒီဇင်ဘာ (၂၀) ရက် မွန်းတည့် ၁၂:၃၀ နာရီ တိုင်းထွာချက်အရ မြစ်ကြီးနားမြို့တွင်(၃၅၉)စင်တီမီတာသို့ ရောက်ရှိခဲ့ပြီး၊ (၁)ရက်အတွင်း(၅)ပေခွဲခန့် မြင့်တက်ခဲ့ကြောင်း၊ သို့ဖြစ်ပါ၍ မြစ်ကြောင်းများအတွင်း သွားလာနေကြသည့် ရေယာဉ်၊ လှေ၊ သင်္ဘောများအနေဖြင့် ဂရုပြုသင့်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဧရာဝတီမြစ်အထက်ပိုင်းတွင် မြင့်တက်ခဲ့သော မြစ်ရေများသည် နောက်(၅)ရက်အတွင်းကချင်ပြည်နယ် ဗန်းမော်မြို့၊ ရွှေကူမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နှင့် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့တို့တွင် (၃)ပေမှ (၄)ပေခန့်၊ နောက် (၈)ရက်အတွင်း မန္တလေး မြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် (၁)ပေခွဲမှ (၂)ပေခွဲခန့် လက်ရှိရေမှတ်များ အထက် မြင့်တက်လာနိုင်ကြောင်း သိရသည်။
မြစ်ကြောင်းများအတွင်း သွားလာနေကြသည့် ရေယာဉ်၊ လှေ၊ သင်္ဘောများ နှင့် မြစ်ရေနည်းစဉ်သဲသောင်ခုံများတွင် စိုက်ပျိုးနေထိုင်ကြသူများအနေဖြင့်လည်း မြစ်ရေတိုးလာနိုင်မှုကို ဂရုပြုနေထိုင်သင့်ပါကြောင်း မိုးဇလမှ အကြံပြုချက်ထုတ်ပြန်ခဲ့သည်။ (Xinhua)