Politics, Law & Military
ကျောက်မီးသွေးတွင်း ပြိုကျမှုကြောင့် သေဆုံးသော မြန်မာလုပ်သား ၇ဦးအား လျော်ကြေးပေး
ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ဟန်ထက် ကျောက်မီးသွေးကုမ္ပဏီ၏ ကျောက်မီးသွေးတွင်း ပြိုကျမှုကြောင့် သေဆုံးသော မြန်မာလုပ်သား ၇ ဦးအား လျော်ကြေးငွေများ ပေးအပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
သေဆုံးသွားသည့် မြန်မာအလုပ်သမား(၇)ဦးအတွက် ဟန်ထက် ကုမ္ပဏီမှ လူမှုရေးထောက်ပံ့ငွေ တစ်ဦးလျှင် ငွေကျပ် သိန်း(၇၀) ကို နိုဝင်ဘာလ (၃၀) ရက်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် ကျန်ရစ်သူမိသားစုများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျောက်မီးသွေးတွင်း ပြိုကျမှုကြောင့် သေဆုံးခဲ့သည့် အလုပ်သမား ၇ ဦး၏ ကျန်ရစ်သူမိသားစုများအား တစ်ဦးလျှင် လူမှုရေးထောက်ပံ့ငွေကျပ် သိန်း (၇၀) နှင့် အလုပ် သမားလျော်ကြေး စိစစ်ရေးကော်မတီမှ ထုတ်ပေးမည့်ငွေကျပ် (၄ သိန်းခွဲ) ပေးအပ်ခဲ့ပြီး ဒဏ်ရာရရှိသဖြင့် ဆေးရုံတက်ရောက်ကုသနေသော ၄ဦးအား ဆေးဝါးကုသပေးကာ၊ ထောက်ပံ့ကြေးများလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဟန်ထက်ကုမ္ပဏီက တူးဖော်နေသည့် ကျောက်တလုံး ကျောက်မီးသွေးမှော်ကျောက်မီးသွေးတွင်းသည် နိုဝင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းက လေပိုက်ပေါက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံသား တစ်ဦးအပါအဝင် ၈ဦးသေဆုံးခဲ့ကာ တရုတ်လူမျိုး ၂ဦးနှင့် ဗမာ၂ဦး စုစုပေါင်း လေးဦးလည်း ဒဏ်ရာရရှိထားကြောင်း သိရသည်။(Xinhua)