Politics, Law & Military
ငွေစက္ကူအတု ပျံ့နှံ့မှု ပမာဏသည် ၀ ဒသမ ၀၀၀၅၄ ရာခိုင်နှုန်းသာ ရှိဟု ဆို
နေပြည်တော်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ဗဟိုဘဏ်၏ မှတ်တမ်းများအရ ငွေစက္ကူအတု ပျံ့နှံ့မှု ပမာဏသည် ၀ ဒသမ ၀၀၀၅၄ ရာခိုင်နှုန်းသာ ရှိသည်ဟု ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးစိုးမင်းက ယနေ့ ပြည်သူ့လွှတ်တော် အစည်း အဝေးတွင် ပြောခဲ့သည်။
“မြန်မာနိုင်ငံတော် ဗဟိုဘဏ် မှတ်တမ်းများအရ ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်တွင် ငါးထောင်ကျပ်တန် ၁၃၄၃ ရွက်၊ တစ်သောင်းကျပ်တန် ၉၅၇ ရွက် စစ်ဆေးပြီး အတုဟု အတည်ပြု လက်ခံထားရှိသည်ကို တွေ့ရသဖြင့် လှည့်လည် သုံးစွဲလျက်ရှိသော ရွက်ရေပမာဏနှင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၀၀၀၅၄ ရာခိုင်နှုန်းသာ ရှိပါတယ်” ဟု ၎င်းက ပြောခဲ့သည်။
နေပြည်တော် ဇမ္ဗူသီရိ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၏ “တစ်နိုင်ငံလုံးတွင် ပျံ့နှံ့နေသည့် ငွေစက္ကူအတုများနှင့် စပ်လျဉ်း၍ နိုင်ငံတော် အစိုးရ သက်ဆိုင်ရာ ဗဟိုဘဏ်နှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့အနေဖြင့် မည်ကဲ့သို့ ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းမှုများ ဆောင်ရွက်ပေးမည်နည်း”ဟူသည့် မေးခွန်းကို ဖြေကြားရာတွင် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌက ပြောခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ၎င်းက “၂၀၁၇ ဇန်နဝါရီလမှ ဖေဖော်ဝါရီ ၂၄ ရက်အထိ ငွေစက္ကူအတုတွေကို နယ်စပ်မှ ခုနစ်ကြိမ်၊ ပြည်တွင်း တုပမှု ခြောက်ကြိမ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ပါတယ်၊ ငွေစက္ကူအတု ဖြန့်ဝေသူများနဲ့ ထုတ်လုပ်သည့်စက်များကိုပါ ဆက်လက် စုံစမ်းဖော်ထုတ်ပြီး တရားစွဲ တင်ပို့ခြင်း၊ ပြည်ပမှ ထုတ်လုပ်သည့် ငွေစက္ကူအတုများကို ပြည်တွင်းသို့ သယ်ဆောင် ဖြန့်ဖြူး သုံးစွဲမှု မရှိ စေရေးအတွက် ဖော်ထုတ် ဖမ်းဆီး အရေးယူလျက်ရှိပါတယ်၊ တရားရုံးက အမိန့်ချမှတ်ပြီးသော ငွေစက္ကူအတုတွေကို တရားရုံး ပြီးပြတ်ချက်နဲ့အတူ ဗဟိုဘဏ်သို့ အပ်နှံပြီး အပ်နှံထားရှိသော ငွေစက္ကူအတုများကို ဗဟိုဘဏ်တွင် အပြီးသတ် ဖျက်ဆီးရေးကော်မတီ ဖွဲ့စည်း အတည်ပြုချက် ရယူကာ ဖျက်ဆီးပါတယ်” ဟုလည်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ထုတ်ဝေထားရှိသည့် ငွေစက္ကူများ ခိုင်မာ လုံခြုံမှုအတွက် လုံခြုံမှု အဆင့်အတန်းနှင့် အရည်အသွေး မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၀၉ အောက်တိုဘာ ၁ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့သည့် ငါးထောင် ကျပ်တန်ကို ၂၀၁၄ အောက်တိုဘာ ၁ ရက်နေ့တွင် လည်းကောင်း၊ ၂၀၁၂ ဇွန်လ ၁၅ ရက်နေ့တွင် စတင် ထုတ်ဝေခဲ့သည့် တစ်သောင်းကျပ်တန်ကို ၂၀၁၅ ဇူလိုင် ၁ ရက်နေ့တွင် လည်းကောင်း လုံခြုံရေး အဆင့်အတန်း ပိုမို မြှင့်တင်ခဲ့ကြောင်း၊ လုံခြုံရေး ကြိုးပုံစံ၊ ရေစာသစ်နှင့် ငွေစက္ကူ၏ မျက်နှာပြင်နှစ်ဘက်ကို ဗားနစ် (Varnish) အလွှာဖြင့် ဖုံးအုပ် ကာကွယ်ထားကြောင်း၊ ငွေစက္ကူအတုများသည် ပုံစံဟောင်း ငွေစက္ကူများတွင်သာ တွေ့ရှိရပြီး လုံခြုံရေး အဆင့်အတန်း မြှင့်တင်ထားသည့် ငွေစက္ကူများတွင် အတုတွေ့ရှိရမှု မရှိသလောက် နည်းပါး ကြောင်း၊ ဗဟိုဘဏ်အနေဖြင့် လုံခြုံရေး အဆင့်မြှင့်တင်ထားပြီး တုပရန် ခက်ခဲသော ငွေစက္ကူများကို သာ ထုတ်ဝေလျက် ရှိပါကြောင်း ၎င်းက ရှင်းပြခဲ့သည်။
“ငွေစက္ကူ အစစ်ရဲ့ထူးခြားချက်က ကျစ်လျစ်သိပ်သည်းခြင်း၊ ကြမ်းခြင်း၊ ခရမ်းလွန်ရောင်ခြည် အောက် တွင် နို့နှစ်ရောင်အဖြစ် တွေ့မြင်ရပြီး ရာသီဥတုနှင့် ရေစိုမှုဒဏ် ခံနိုင်စေရန် ပြုလုပ်ထားခြင်းတို့ပါပဲ၊ ဒါ့အပြင် ငွေစက္ကူ အရွယ်အစား၊ နံပါတ်စဉ်၊ အက္ခရာများ၊ ရေစာများ၊ လုံခြုံရေး ကြိုးများ၊ ပုံနှိပ်နည်း စနစ်၊ အခြားသော လျှို့ဝှက်ချက်များနဲ့ တုပနိုင်ခြင်း မရှိစေရန် ကာကွယ်ထားပါတယ်” ဟုလည်း ၎င်းက ပြောခဲ့သည်။
ပြည်တွင်း၌ ငွေစက္ကူအတုများ ထုတ်လုပ် ဖြန့်ဖြူး သုံးစွဲမှု မရှိစေရေး၊ ပြည်ပမှ ငွေစက္ကူအတုများ ဝင်ရောက်လာမှု မရှိစေရေးတို့အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် အစီအမံများ ရေးဆွဲ၍ အရှိန် အဟုန်ဖြင့် စုံစမ်း စစ်ဆေး ဖမ်းဆီးခြင်း၊ ငွေစက္ကူ အတုနှင့် အစစ် ခွဲခြားနိုင်ရေးအတွက် ပြည်သူလူထု အား အသိပညာပေးခြင်း ပြစ်မှု ကျူးလွန်သူများအား ဥပဒေနှင့်အီ ထိရောက်သော ပြစ်ဒဏ်များ ချမှတ်နိုင်ရေးအတွက် တရားရုံး ဥပဒေရုံးများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိ ကြောင်းလည်း ၎င်းက လွှတ်တော်သို့တင်ပြခဲ့သည်။ (Xinhua)