Connect with us

Politics, Law & Military

စာကြည့်တိုက်သည် သတင်း အချက်အလက်နှင့် ပညာရှာမှီးရန် အဓိက သော့ချက်ကျသော နေရာများ ဖြစ်ဟုဆို

အရှေ့ တောင်အာရှ (၁၇) ကြိမ်မြောက် စာကြည့်တိုက်မှူးများ ညီလာခံ တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အဖွင့် မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေလ ၃ ရက် (ဆင်ဟွာ)

စာကြည့်တိုက်များသည် သတင်း အချက်အလက်နှင့် ပညာရှာမှီးရန် အဓိက သော့ချက်ကျသော နေရာများ ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အရှေ့တောင် အာရှ (၁၇) ကြိမ်မြောက် စာကြည့်တိုက်မှူးများ ညီလာခံ အဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြား ခဲ့သည်။

“စာကြည့်တိုက်များဟာ သတင်း အချက်အလက်နဲ့ နည်းပညာရှာမှီးရန် အဓိက သော့ချက်ကျသော နေရာများအဖြစ် ရောက်ရှိနေပါပြီ၊ ဒါ့အပြင် လူ့အဖွဲ့အစည်းအတွက် သုတပညာနှင့် ယဉ်ကျေးမှုကို ဝင်ရောက်ရှာဖွေလို့ ရတဲ့ နေရာအဖြစ် အခြေခံ ကျသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်၊ ဒီလို ဆောင်ရွက်ပေးကြတဲ့ စာကြည့်တိုက်မှူးများနဲ့ စာကြည့်တိုက်များဟာ အလွန် အရေးကြီးသော အခန်း ကဏ္ဍမှ ပါဝင်နေကြတယ်ဆိုတာကို မှတ်မှတ်ထင်ထင် အသိအမှတ် ပြုကြရမှာ ဖြစ်ပါတယ်” ဟု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောခဲ့သည်။

အရှေ့တောင်အာရှ (၁၇) ကြိမ်မြောက် စာကြည့်တိုက်မှူးများ ညီလာခံ တက်ရောက်လာသူများကို တွေ့ရစဉ် (ဆင်ဟွာ)

အရှေ့တောင်အာရှ (၁၇) ကြိမ်မြောက် စာကြည့်တိုက်မှူးများ ညီလာခံ သို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာစဉ် (ဆင်ဟွာ)

အရှေ့တောင်အာရှ (၁၇) ကြိမ်မြောက် စာကြည့်တိုက်မှူးများ ညီလာခံ သို့ ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ ရောက်ရှိလာစဉ် (ဆင်ဟွာ)

အရှေ့တောင်အာရှ (၁၇) ကြိမ်မြောက် စာကြည့်တိုက်မှူးများ ညီလာခံ သို့ သမ္မတ ဟောင်း ဦးထင်ကျော် ရောက်ရှိလာစဉ် (ဆင်ဟွာ)

အမျိုးသားစာကြည့်တိုက်နှင့် အစိုးရလက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်သည့် မြန်မာ့သမိုင်း သုတေသနဌာနသည် မြန်မာစာပေအမွေအနှစ်များကို ထိန်းသိမ်း ရာ ဗဟိုဌာနများ ဖြစ်သည်ဟု အမျိုးသားစာကြည့်တိုက်က ရှုမြင်ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံ တနံတလျား၌ ပျံ့နှံ့နေသည့် ပေပုရပိုက် များကို ပြန်လည်စုဆောင်းပြီး ပြုပြင်ထိန်းသိမ်းရမည့်တာဝန်ကလည်း အမျိုးသား စာကြည့်တိုက်၏ တာဝန်ဖြစ် ပါကြောင်း၊ စုဆောင်းထိန်းသိမ်းထားသည့် ပေပုရပိုက်များ ပြုပြင် ထိန်းသိမ်းသည့် လုပ်ငန်းကို အမျိုးသား စာကြည့်တိုက်(နေပြည်တော်)နှင့် အမျိုးသားစာကြည့်တိုက် (ရန်ကုန်) နှစ်နေရာလုံးက တာဝန်ယူ ဆောင်ရွက် နေကြပါကြောင်း၊ ရန်ကုန်မြို့လယ် ၌ တည်ရှိပြီး ရန်ကုန်ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့က ရှေးဟောင်း အဆောက်အအုံအဖြစ် သတ်မှတ်ထားသည့် ကိုလိုနီခေတ်အဆောက် အအုံတစ်ခုတွင် အမျိုးသား စာကြည့်တိုက် (ရန်ကုန်) ကို ခေတ်မီစာကြည့်တိုက်သစ်တစ်ခု အဖြစ် ဖွင့်လှစ် ရန် ပြန်လည်ပြင်ဆင် မွမ်းမံလျက်ရှိပါကြောင်း။

အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် မြန်မာနိုင်ငံစာကြည့်တိုက် အသင်းသည် မြန်မာနိုင်ငံတစ်ဝန်း စာဖတ်ရှိန်မြင့်မားလာရေး၊ စာကြည့်တိုက်များ ကို ပိုမို လက်လှမ်းမီ သုံးစွဲခွင့်ရရေး၊ နည်းပညာအသုံးပြုမှု မြင့်မားလာရေးတွေကို ကြိုးစား ဆောင်ရွက်နေပါကြောင်း၊ ထို့ပြင် စာဖတ်သူ များကို မှန်ကန်သော သတင်း အချက် အလက်များပေးနိုင်ရေး၊ စာကြည့်တိုက်များ အသွင်ပြောင်း လာရေး နှင့် စာကြည့်တိုက်မှူးများ စွမ်းဆောင်ရည် မြင့်မားလာရေးကိုလည်း မြန်မာနိုင်ငံစာကြည့်တိုက် အသင်းက အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း။ ပညာရေးဝန်ကြီးဌာနနှင့် အာရှဖောင်ဒေးရှင်း တို့၏ ကူညီပံ့ပိုးမှုနှင့်အတူ ကျောင်းစာကြည့်တိုက် များကို ပြန်လည်အားသစ်လောင်းသည့် လုပ်ငန်း များ ကိုလည်း မြန်မာနိုင်ငံစာကြည့်တိုက် အသင်းက လုပ်ဆောင်နေပါကြောင်း၊ မြန်မာနိုင်ငံတွင် ကျေးလက်တောရွာဒေသများ၌ နေထိုင်သူ ၇၀ ရာခိုင်နှုန်း ရှိပြီး ကျေးလက်လူထု အများစုသည် စာကြည့်တိုက်သုံးစွဲခွင့််ရရန် လက်လှမ်းမမီ ကြပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် မိခင်ဖြစ်သူ ဒေါ်ခင်ကြည်ကို အမှတ်တရ ဂုဏ်ပြုသည့်အနေဖြင့် လူမှုရေးလုပ်ငန်းများကို အကျိုးအမြတ်မယူဘဲ ဆောင်ရွက်ရန် ဒေါ်ခင်ကြည်ဖောင် ဒေးရှင်းကို ၂၀၁၂ ခုနှစ်တွင် အစိုးရထံ တရားဝင်မှတ်ပုံတင် ထူထောင်ခဲ့ပါကြောင်း၊ ဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်မှု နည်းပါးသည့် နေရာ များရှိ လူထုအတွက် ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုဘဝမြင့်မားလာရေးများ ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၁၃ ခုနှစ်မှ စ၍ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး ကျေးလက်ဒေသမှ ပြည်သူ လူထုသည် စာဖတ်ခြင်းကို စိတ်ဝင်စားလာမှုနှင့်အတူ ဗဟုသုတများလည်း တိုးပွား လာမည်ဖြစ်ပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က ဖြည့်စွက်ပြောကြားခဲ့သည်။

ထို့နောက် ဆက်လက်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကိုကလည်းကောင်း၊ နိုင်ငံတကာ စာကြည့်တိုက်များအသင်း (International Federation of Library Associations:_ IFLA) ဥက္ကဋ္ဌ တို့ကလည်းကောင်း အမှာစကားများ အသီးသီးပြောကြား ခဲ့ကြသည်။

အရှေ့တောင်အာရှ ဒေသတွင်းရှိ စာကြည့်တိုက်များနှင့် စာကြည့်တိုက်ပညာရပ်နယ်ပယ် ဖွံ့ဖြိုး တိုးတက် လာပြီး နိုင်ငံတကာစာကြည့်တိုက်အဝန်းအဝိုင်းထဲကို ကျယ်ကျယ် ပြန့်ပြန့် ပါဝင်လုပ် ဆောင်နိုင်ရန်၊ စာကြည့်တိုက်များသည် သုတ၊ ရသပညာရပ် များနှင့် သတင်းအချက် အလက်များကို ဖြန့်ဖြူး မျှဝေပေးသည့်နေရာ ဖြစ်လာရန်၊ စာကြည့်တိုက်မှူးများ တွေ့ကြုံနေရသည့်အခက်အခဲများ၊ ပြဿနာများနှင့် ပတ်သက်ပြီး အတွေ့အကြုံတွေဖလှယ် ဆွေးနွေးနိုင်သည့်နေရာ ဖြစ်လာရန်၊ ဒေသ တွင်း ရှိ စာကြည့် တိုက်များအချင်းချင်း ချိတ်ဆက်ဝန်ဆောင်မှုများ ပေးနိုင် စသည့် ရည်ရွယ်ချက် များဖြင့် နေပြည်တော် MICC II တွင် ယနေ့ နံနက် ပြုလုပ်ခဲ့သော အဆိုပါ ညီလာခံဖွင့်ပွဲ အခမ်းအနားသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်၊ သူရဦးအောင်ကို၊ ဦးသိန်းဆွေ၊ ဦးအုန်းမောင်၊ ဒေါက်တာမျိုးသိမ်းကြီး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် ၊ ဒုတိယဝန်ကြီးများ၊ အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများ၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ညီလာခံကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံစာကြည့်တိုက်အသင်းဥက္ကဋ္ဌ၊ အလုပ်အမှု ဆောင်များနှင့် အဖွဲ့ဝင်များ၊ ပြည်တွင်း ပြည်ပမှ စာကြည့်တိုက်မှူးများ၊ အထူးဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က “အရှေ့တောင်အာရှ စာကြည့်တိုက်မှူးများရဲ့ ညီလာခံကို အဖွဲ့ဝင်နိုင်ငံတွေက သုံးနှစ် တစ်ကြိမ် အလှည့်ကျ ကျင်းပရတာဖြစ်ပါတယ်၊ မြန်မာနိုင်ငံ အနေနဲ့ ဒါဟာ ပထမဆုံး အကြိမ် ကျင်းပတာ ဖြစ်ပါတယ်၊ ၂၀၁၆၊ ၂၀၁၇။ ၂၀၁၈ … သုံးနှစ်အတွက် အိမ်ရှင်အဖြစ် တာဝန်ယူရတာပါ၊ နှစ်စဉ် အမှုဆောင်အဖွဲ့အစည်းအဝေးတွေ ကျင်းပရာမှာ နှစ်ကြိမ်ကို ကျင်းပခဲ့ပြီးပါပြီ ၊ တတိယ အကြိမ် အမှုဆောင်အဖွဲ့အစည်းအဝေးနဲ့ ဒီညီလာခံကို တွဲပြီး ကျင်းပလိုက် တာ ပါ။ ညီလာခံကို ၂၀၁၈ မေလ ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိကျင်းပမှာပါ။ ဒေသတွင်း မှာ ထူးချွန်တဲ့ စာကြည့်တိုက်မှူးတွေကိုရွေးချယ်ပြီး ဆုချီးမြှင့်တဲ့ အစီအစဉ်လည်း ပါဝင်ပါတယ်၊ နိုင်ငံ တစ်နိုင်ငံကို တစ်ယောက်စီ ရွေးချယ်လာပြီးဖြစ်တာကို ဒီမှာ ရွေးချယ်ရေးအဖွဲ့ထပ်ဖွဲ့ပြီး ရွှေဆု အတွက် တစ်ယောက်၊ ငွေဆုအတွက် လေးယောက် ပြန်ရွေးပါမယ်။ ပြခန်းတွေမှာ အာဆီယံ ဆယ်နိုင်ငံက တစ်နိုင်ငံချင်းရဲ့ စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင် ချက်တွေကို ခင်းကျင်းပြသတာပါ။ ကျွန်တော်တို့နိုင်ငံရဲ့ ရိုးရာ လက်မှု ပြခန်းတွေပြထား တာလည်း ပါပါတယ်။ အသေးစား အလတ်စား ထွက်ကုန်လေးတွေကို ပြထားတာလည်း ရှိတယ်။ စာအုပ်လုပ်ငန်းဆိုင်ရာ ကုမ္ပဏီတွေက သူတို့ရဲ့ နည်းပညာတွေ လာပြီး ပြထားတာလည်း ရှိပါတယ်” ဟု ဆင်ဟွာကို ရှင်းပြခဲ့သည်။

ယခု ညီလာခံတွင် ပါဝင်သည့် စာတမ်းဖတ်ပွဲ အစီအစဉ်အတွက် တင်သွင်းလာသော စာတမ်း နှစ်ရာ ကျော် မှ အစောင် ရှစ်ဆယ်ကို မေလ ၃ ရက်နှင့် ၄ ရက်နေ့များတွင် ဘာသာရပ်ဆိုင်ရာ section ခြောက်ခု ခွဲပြီး ဖတ်ကြားသွားမည်ဖြစ်ကြောင်း၊ ပြည်ပမှ စာတမ်း ၆၀ ခန့်နှင့် ပြည်တွင်း စာတမ်း ၇၀ ခန့် ပါဝင်ကြောင်း၊ မေ ၄ ရက်နေ့နေ့လယ်ပိုင်းတွင် နည်းပညာပြခန်းများ လာပြသော ကုမ္ပဏီ များက ရှင်းလင်း ပြောကြားပြီး မေ ၄ရက်နေ့ ညနေ ၄ း ၀၀ နာရီတွင် ပိတ်ပွဲအခမ်းအနားကို ဒုတိယ သမ္မတ (၁)က ဦးစီး ကျင်းပမည်ဖြစ်ရာ ထူးချွန် စာကြည့်တိုက်မှူးများအား ဆုချီးမြှင့်ပြီး အိမ်ရှင် အဖြစ် အလှည့်ကျမည့် ကမ္ဘောဒီးယားနိုင်ငံထံသို့ ညီလာခံ အလံ လွှဲပြောင်းပေး မည်ဖြစ် ကြောင်း၊ မေ ၅ ရက်နေ့တွင် နိုင်ငံတကာမှ ကိုယ်စားလှယ်များအား နေပြည်တော်တစ်ဝိုက် လေ့လာရေးအစီအစဉ်အဖြစ် လွှတ်တော်၊ အမျိုးသား စာကြည့်တိုက်၊ အမျိုးသား ပြတိုက်၊ မော်ကွန်းတိုက် လေးနေရာတို့သို့အဖွဲ့သုံးဖွဲ့ ခွဲပြီး ပို့ဆောင်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.