Connect with us

Politics, Law & Military

နိုင်ငံတကာ တပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်ရေးရည်မှန်းဆောင်ရွက်ရန် တပ်ချုပ်ပြောကြား

၇၃ ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် မိန့်ခွန်းပြောကြားနေစဉ်( တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

နေပြည်တော်၊ မတ် ၂၇ ရက် (ဆင်ဟွာ)

ငြိမ်းချမ်းရေး ကိစ္စဆွေးနွေးသည့်အခါ ဖြစ်သင့် ဖြစ်ထိုက်သည်များကို အရှည်မျှော်တွေး ညှိနှိုင်းကြခြင်းက ပိုပြီး လက်တွေ့ဆန်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ယနေ့ ကျင်းပသည့် (၇၃)ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။

“မဖြစ်နိုင်တာတွေတောင်းဆိုပြီး အချိန်ဆွဲနေမယ့်အစား ဖြစ်သင့် ဖြစ်ထိုက်တာတွေကို အရှည်မျှော် တွေးပြီး ညှိနှိုင်းကြတာက ပိုမို လက်တွေ့ဆန်ကြမှာ ဖြစ်တယ်၊ တို့နိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားပြီး တည်ငြိမ်အေးချမ်းမှု မရှိတဲ့အတွက် ဖွံ့ဖြိုး တိုးတက်မှု ဆောင်ရွက်နိုင်ခြင်း မရှိဘဲ အာဆီယံ အသိုက်အဝန်းမှာပင် နောက်ကျကျန်လျက်ရှိတာကိုတွေ့ရမှာ ဖြစ်တယ်၊ ဒါကြောင့် ကျန်တဲ့ နိုင်ငံ တွေကို အမီလိုက်ဖို့ဆိုရင် သူများ ခြေတစ်လှမ်းလှမ်းရင် ကိုယ်က ခြေလှမ်းများစွာ လှမ်းနိုင်မှ ဖြစ် မယ်” ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် ကိုလိုနီခေတ်မှ နယ်ချဲ့များ ကျင့်သုံးခဲ့သည့် သွေးခွဲအုပ်ချုပ်မှု စနစ်ကြောင့် စိတ်ဝမ်း ကွဲပြားမှု များစွာ ပေါ်ပေါက်ခဲ့ပြီး လက်နက်ကိုင် ပဋိပက္ခများ ယနေ့အထိ ဖြစ်ပွားလျက်ရှိကြောင်း၊ ငြိမ်းချမ်းရးအတွက် အစိုးရ အဆက်ဆက်က ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ သဘောထား ကွဲလွဲမှုများကို လက်နက်ကိုင် တောင်းဆိုဖို့ မလိုအပ်တော့သည့်အတွက် နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာရမှာ ဖြစ်ကြောင်း၊ ထိုသို့အဖြေရှာရာတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA:_ Nationwide Ceasefire Agreement) လမ်းကြောင်းကို အခြေခံ ဆောင်ရွက်ဖို့ လိုအပ်ကြောင်း၊ တပ်မတော်အနေဖြင့် NCA စာချုပ်တွင် ပါဝင် လက်မှတ် ရေးထိုးပြီး စာချုပ်ပါ ပြဌာန်းချက်များနှင့်အညီ နိုင်ငံတော်၏ လက်ရှိ နိုင်ငံရေး လမ်းကြောင်း တည်ငြိမ်မှုနှင့် ခိုင်မာမှု ရှိအောင် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာ့ တပ်မတော်အား မျက်မှောက်ကာလ နည်းပညာ တိုးတက်မှုများကို အသုံးချပြီး နိုင်ငံတကာ တပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်ဖို့ ရည်မှန်းချက်ထား ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

၇၃ ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ စစ်ကြောင်းကြီးများချီတက်လာစဉ် (ဆင်ဟွာ)

၇၃ ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ စစ်ကြောင်းကြီးများချီတက်လာစဉ် (ဆင်ဟွာ)

၇၃ ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ စစ်ကြောင်းကြီးများချီတက်လာစဉ် (ဆင်ဟွာ)

ထို့အပြင် ၎င်းက “လူမျိုး ဘာသာ ခွဲခြားမှု မရှိဘဲ မြန်မာ စိတ် မွေးပြီး နိုင်ငံ တိုးတက်ရေးအတွက် စည်းစည်း လုံးလုံး ညီညီညွတ်ညွတ်နဲ့ ကြိုးစားသွားကြဖို့ လိုတယ်၊ အတိတ်ကို လက်ညှိုးထိုးပြီး အပြစ် ရှာနေတာထက် အတိတ်အပေါ် သင်ခန်းစာ ဖော်ထုတ်ပြီး နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သွားကြဖို့ အချိန်ရောက်နေပြီ ဖြစ်ကြောင်းပြောကြားလိုပါတယ်” ဟုလည်း ပြောခဲ့သည်။

ယခုနှစ် တပ်မတော်နေ့အခမ်းအနား၌ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရှမ်းစုရပ်ရှိ စစ်ရေးပြ ကွင်းသို့ စစ်ကြောင်းကြီးများ ချီတက်ပြီးချိန်တွင် တပ်မတော်(လေ)မှလေယာဉ်များ စွမ်းရည်ပြပျံသန်းခြင်း၊ ရဟတ်ယာဉ်များပေါ်မှ အထူးတပ်ဖွဲ့စစ်သည် များကမြေပြင်သို့ဆင်းသက် စွမ်းရည်ပြခြင်းများကိုလည်း ပြသခဲ့ကြောင်း တွေ့ရသည်။

၇၃ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနား သို့ နိုင်ငံတကာစစ်သံမှူးများ၊ အရပ်ဘက်၊စစ်ဘက်များ မှ တာဝန်ရှိပုဂ္ဂိုလ်များ စစ်မှုထမ်းဟောင်းများ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ပြည်သူ့စစ်အဖွဲ့များ မှ တာဝန်ရှိသူများ လူငယ်အဖွဲ့အစည်းများ နှင့်ဖိတ်ကြားထားသော အထူးဧည့်သည်များ တက်ရောက်ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.